သတင်း

မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုမှာ ၂၉ ဦးသေဆုံးပြီး ၅၇ ယောက် ထိခိုက်ကြောင်း KIO ထုတ်ပြန်

စစ်ကောင်စီက လိုင်ဇာ မုန်လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ယောက် ပြင်းထန်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကိုတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး KIA ဘက်ကတော့ မည်သည့်လက်နက်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူကတော့ လေယာဉ်သံတော့ မကြားရဘူးဆိုပေမယ့် တိုက်ခိုက်ခံရတဲ့ အခြေအနေက လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေဖြစ်နေတယ်။ ဒါမှမဟုတ်ရင် ဒရုန်းနဲ့ ပစ်ခံရတာဖြစ်တယ်။ နောက်တစ်ခုက အဝေးပစ် Rorket နဲ့ လည်းဖြစ်နိုင်တယ်။ ဒီအခြေအနေကို အသေးစိတ်သိဖို့ရန်အတွက် ကျနော်တို့မှာ စုံစမ်းဖော်ထုတ်ရေးကော်မတီဖွဲ့ထားပြီ ဖြစ်တယ်။ သူတို့ရဲ့ အဖြေသိမှ ပြောပြလို့ရမယ် ဖြစ်တယ်” လို့ ပြောပါတယ်။

လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်း ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ပြောဆိုခွင့်တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့် ဌာနချုပ်မဆို ပစ်ခတ်တိုက်ခိုက်နိုင်ပေမယ့် ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ပါဘူး လို့ ပြည်တွင်း သတင်းဌာနတွေမှာ ပြောကြားထားပါတယ်။

မနေ့ည တိုက်ခိုက်မှုမှာ နေအိမ် ၅၀ လောက်တစ်စစီပျက်စီးသွားပြီး ကလေးငယ် ၁၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ 

သေဆုံးရုပ်အလောင်းတွေကို ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာပဲ လိုင်ဇာ၊ အင်ခရွတ်ကောင်မှာ မြေမြှုပ်သဂြိုလ်ခဲ့ ပါတယ်။

နေအိမ် ၅၀ ခန့် တစ်စစီ ပျက်စီးသွားတဲ့အတွက် ပြည်သူ ၂၀၀ လောက်မှာ လိုင်ဇာမြို့၊ ဝေကြိုင် (Woi Chyai) ရပ်ကွက် ဘုရားကျောင်း နဲ့ ဆွေးမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြတယ်လို့ မုန်လိုင်ခက် ဒေသခံအမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

အခုက ရွာထဲမှာရှိနေရင်လည်း အိမ်တွေက တစ်စစီပျက်စီးသွားပြီဖြစ်တဲ့အတွက် နေလို့မရတော့ဘူးလေ။ အဲဒါကြောင့် ဝေကြိုင်ဘက်မှာ သွားရှောင်နေကြတယ်။ တိမ်းရှောင်နေတဲ့သူတွေကတော့ တစ်ရာကျော် နှစ်ရာလောက်ရှိပါတယ်။ ပေါက်ကွဲပျက်စီးမှုဖြစ်ပွားသွားတဲ့ နေရာမှာက ပြည်သူတွေကမရှိတော့ဘူး။ အဲ့မှာက KIA ရဲနဲ့ စစ်သားတွေက ကူညီရေးတွေလုပ်ဆောင်နေကြတယ် လို့ ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၉ ရက်နေ့ ကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီတပ်ဟာ KIO ဌာနချုပ်အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အလားတူဘဲ မုန်လိုင်ခက်ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကချင်တိုင်းရင်းသားများရဲ့ ထိခိုက်ဆုံးရှံးမှုအပေါ် ထပ်တူနာကျင်ခံစားရပြီး ထိခိုက်ဆုံးရှုံးမှုတွေအတွက် တရားမျှတမှု ပြန်လည်ရယူဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကချင်လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ KHRW ကလည်း စစ်တပ်ရဲ့လုပ်ရပ်အပေါ်  ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်းနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးမှ အမြန်ဆုံးအရေးယူပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

Show More

Related Articles

Back to top button