သတင်း

မိုးကောင်းမှာ အသက် ၅ နှစ်အောက်ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ထပ်ဖမ်းခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ကို စစ်တပ်က ထပ်ပြီးဖမ်ဆီးသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၈ ရက်နေ့မှာ မိုးကောင်း နန့်ရင်းရပ်ကွက်ထဲက နေအိမ်တစ်အိမ်ထဲကို ဝင်စီးပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်အပါအဝင် နောက်ထပ် အမျိုးသား ၁ ယောက် စုစုပေါင်း မိသားစုဝင် ၆ ယောက်ကိုဖမ်းဆီးသွားတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့ဖမ်းချင်တဲ့သူကို မဖမ်းရတော့ မိသားစုဝင်တွေကို လာဖမ်းသွားတာဟုတ်တယ်။ ကလေးအငယ်က ၃ ယောက်ပါသွားတယ်။ ဒီကနေ့အထိ မလွတ်လာသေးပါဘူးလို့ပြောပါတယ်။

အောက်တိုဘာလ တစ်ရက်တည်းမှာဘဲ စစ်ကောင်စီတပ်တွေဟာ နန့်ရင်းရွာထဲက နောက်ထပ်နေအိမ်တစ်အိမ်ကိုဝင်စီးခဲ့တဲ့အပြင် အရှေ့စုက စားသောက်ဆိုင်တစ်ဆိုင်မှာလည်း ဝင်စီးသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် နောက်ထပ် ၂ အိမ်က မိသားစုတွေကို ဖမ်းဆီးသွားတာမရှိဘူးလို့ မိုးကောင်းဒေသခံနောက် တစ်ယောက်က ထပ်ပြောပါတယ်။

သူတို့လိုချင်တဲ့သူတွေကို အိမ်တိုင်ရာရောက်လိုက်ဖမ်းနေတာ အဲနေ့က တစ်ရက်ထဲ အိမ် ၃ အိမ်ဝင်တယ်။ဒါပေမယ့် ၂ အိမ်ကတော့ဘာမှလုပ်မသွားဘူး နောက်ဆုံးတစ်အိမ်ဘဲ ကလေးပါမကျန်မိသားစုလိုက်ဖမ်းသွားတာလို့ ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် အမျိုးသားတစ်ယောက်ကိုတော့ အောက်တိုဘာလ ၉ ရက်နေ့ မနေ့ညနေ ၃နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတစ်စီးနဲ့အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့ စစ်သား ၆ယောက် ရောက်လာပြီး မိုးကောင်း အထက ၁ ကျောင်းအရှေ့ ဆံပင်ညှပ်ဆိုင်က ကိုအောင်ထွန်းမင်းဆိုသူကို ထပ်ပြီးဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်းဖမ်းဆီးထားသူတွေကို ဘယ်နေရမှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိနိုင်သလို ကလေးသူငယ် ၃ ယောက်လည်းပါသွားတာကြောင့် ဆွေမျိုးတော်စပ်သူတွေက စိုးရိမ်နေကြပါတယ်။

မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကားပစ်ခံရတဲ့နေ့ကစပြီး စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့လိုက်ပြီးဖမ်းဆီးနေတာ ခုဆိုရင် တစ်လကျော်ရှိလာပြီး ဖမ်းဆီးခံရသူလည်း ရာနဲ့ချီရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ချို့အာမခံနဲ့ပြန်လွတ်လာတာရှိပေမယ့်အများပိုင်းကတော့ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ဥပဒေပုဒ်မအသီးသီးတပ်ကာ တရားစွဲဆိုခံထားရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button