လေကြောင်းပစ်ခတ်မှုမှာ ကျန်ရစ်တဲ့လသားအရွယ်ကလေးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

လိုင်ဇာမြို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်သွားတဲ့အတွက် စစ်ဘေးရှောင် ၂၉ ဦးနဲ့ ကလေးသူငယ်အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အရပ်သားပြည်သူ ၅၆ ဦးထဲက မိဘသေဆုံးသွားလို့ ကျန်ရစ်ခဲ့တဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
“ခုအဲတစ်လသားလေးက သူ့အဒေါ်ရဲ့နို့စို့နေရတာ သူ့အဒေါ်ကလည်း ဒီရက်ပိုင်းဘဲမီးဖွား ထားတော့ သူ့အဒေါ်နို့စို့နေတယ်။လောလောဆယ်တော့ အဲလိုဖြေရှင်းနေရတယ်။အဓိကတော့ ကလေးတွေအတွက် နို့ဗူးတွေ ပြီးတော့ လသားအရွယ်ရဲ့အထက်က ၂ ယောက် ရှိတယ်။ အဲဒီ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။အဲတော့ကလေးတွေအတွက် လိုအပ်တာတော့အများကြီးရှိတယ်။သူတို့အမေက သူတို့ကိုကွယ်ပေးရင်း ပွဲချင်းပြီးသေဆုံးသွားတာ”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သား ၃ ဦးဟာ အသက် ၉ နှစ်အရွယ်တစ်ဦးနဲ့၊အသက် ၄ နှစ်အရွယ် တစ်ဦး၊တစ်လသားအရွယ်တစ်ဦးအပြင် နောက်ထပ်ကလေးသူငယ် ၄ ဦးကတော့ မိဘတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီထဲက အသက် ၄ နှစ်အရွယ်တစ်ဦးက လက်တစ်ဖက်ကျိုးထားတယ်လို့ သိရပြီး အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်နေကာ လက်ရှိဆေးရုံမှာဆေးကုနေသူ ကလေးသူငယ် စုစုပေါင်း ၇ ဦးအထိရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“လသားအရွယ်က သူ့အမေရဲ့ခန္ဓာကိုယ်အောက်မှာဖွက်ထားသလိုဖြစ်နေတော့ ဘာမဖြစ်ဘူး။ သားအလတ်ဖြစ်တဲ့ ၄ နှစ်အရွယ်က လက်တစ်ဖက်ကျိုးထားတယ်။ သူတို့အိမ်ကတော့ တစ်စစီဖြစ်သွားပြီ အဲကလေးတွေကို ဘယ်လိုပြောရမလဲ မာတဲ့ဟာတစ်ခုခုက ကာထားလို့အသက်ရှင်တာ”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို ၃ ဦးမှာအဖေရှိတယ်လို့ သိရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လို့မရသေးဘူးလို့ သိရပါတယ်။
အောက်တိုဘာလ ၉ ရက်ည လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။
“ဖြစ်နိုင်ရင် အဲငြင်းနေတဲ့စစ်တပ်က လာကြည့်ပါလို့ဘဲပြောချင်တယ်။ ကျနော်တို့ ထမင်စားတဲသူတွေပါ လက်နက်ကြီးရဲအားက ဒီလောက်ထိမပြင်းဘူးဆိုတာ ကျနော်တို့သိတယ်။ ပြီးတော့ တစ်ချို့ကပြောကြတယ် လေယာဉ်သံမကြားဘူး ဘယ်ကြားမလဲ ညသန်းခေါင်လေ လူတွေအိပ်မောကျနေချိန် ခုအသက်ရှင်ကျန်နေတဲ့သူတွေထဲမှာ လေယာဉ်သံကြားတယ်လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်”လို့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ ငြင်းဆိုမှုဟာ မမှန်ကန်ကြောင်းနဲ့ ဒါဟာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။