သတင်း

ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ

မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ချီဖွေသွားကားလမ်းမကြီးပေါ်မှာ  စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်တွေမရှိပေမယ့် လက်ရှိမှာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်ကျော်ထဲမှာ စစ်ကောင်စီရဲ့ စစ်တပ်ဂိတ်အပြင် ပြည်သူ့စစ်ဂိတ်နဲ့ နယ်ခြားစောင့်တပ် စုစုပေါင်း ၃၀ လောက်ရှိတယ်လို့ ချီဖွေဒေသခံတွေက ပြောပါတယ်။

လက်ရှိအဲဒီ စစ်တပ်ဂိတ် တစ်ခုချင်းစီမှာ ချီဖွေဘက်ကိုတက်တဲ့ ကုန်းတင်ကားတွေဆီကနေ ဟင်းဖိုး၊ ဂိတ်ဖြတ်ကြေး ခေါင်းစဉ်အမျိုးမျိုးပြောဆိုပြီးတော့ ငွေကြေးအတင်းအဓမ္မကောက်ခံနေတာကြောင့် ချီဖွေဒေသမှာ တခြားနယ်မြေ ဒေသတွေထက် ကုန်းစျေးနှုန်း အဆမတန်မြင့်တက်တဲ့ အခက်အခဲကို ရင်ဆိုင်နေကြတယ်လို့ ချီဖွေဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

အခု ၂၁ နောက်ပိုင်းက ပြည်သူ့စစ်ဂိတ်အများဆုံးကြီး ရှိလာတယ်။ ဂိတ်တိုင်းကိုလည်း ပိုက်ဆံပေးရတယ် အဲ့တော့ဘာ အခက်အခဲရှိလဲဆိုတော့ ဂိတ်တိုင်းကို ပိုက်ဆံအရမ်းပေးရတော့ ကားသမားတွေက သူတို့ ကုန်ကျထားတဲ့ အတိုင်း ပြန်တောင်းယူတော့ စျေးကတအားတက်သွားပြီလေ။ အဲ့ကြောင့် ကုန်စျေးနှုန်းတွေက အရင်ကထက် ၂ ဆက်လောက်ကွာသွားတယ်။ ဒီစစ်တပ်ဂိတ်တွေများလာတဲ့အတွက် ပြည်သူတွေကြုံရတဲ့အခက်အခဲပဲလို့ပြောပါတယ်။

ဒါ့အပြင် အခုလို စစ်တပ်ဂိတ်တွေ များလာတဲ့အတွက် သွားလာရေးပိုင်းတွေမှာလည်း ကန့်သတ်ခံရတာ တွေရှိနေတဲ့အတွက် ယခင်ကလို လွတ်လွတ်လပ်လပ်သွားလာဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သူက ဆက်ဆိုပါတယ်။

နောက်တစ်ခုက သွားလာရေး အရမ်းခက်သွားတယ် ဘယ်လိုဖြစ်တာလဲဆိုတော့ ချီဖွေမှာ အရေးပေါ် လူနာတို့၊ မွေးလူနာတို့ရှိလာရင်တောင် တစ်ခါထဲ ဆင်းသွားဖို့မလွယ်တော့ဘူး။ ဆင်းသွားရင်တောင် ဂိတ်မှာ မဖြတ်ခိုင်းတာတို့ ပိုက်ဆံတောင်းတာတို့က အမြဲကြုံရတာတယ်။ သူတို့က ပြည်သူတွေကိုပဲ ဖိနှိပ်ပြီးတော့ တောင်းစားနေကြတာလို့ပြောပါတယ်။

အဲဒီ စစ်တပ်ဂိတ်နေရာတွေမှာ ကုန်းတင်ကား အကြီးအသေးပေါ်မူတည်ပြီးတော့ တောင်းခံနေကြပြီးတော့ ကုန်တင်ကားတစ်စီးမှာ အနည်းဆုံး မြန်မာငွေ တစ်သောင်းကနေ ခြောက်သောင်းအထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိငွေကြေးတောင်းခံနေတဲ့ စစ်တပ်ဂိတ်နေရာတွေက ဗလမင်းထင်တံတား စစ်တပ်ဂိတ်၊ ဝါရှောင်အထက် ဆဒုံးလမ်းခွစစ်တပ်ဂိတ်၊ မန်ခေါင်၊ မန်ဝိန်း၊ ရှမ်းကျော်၊ ရှငေါ်၊ ဒွမ်ဘန်ခ၊ ချီဖွေလျှပ်စစ်အနီးရှိ စစ်တပ်ဂိတ်၊ ၅ မိုင်စစ်တပ်ဂိတ်နဲ့ ချီဖွေမြို့အဝင်နားမှာ နယ်ခြားစောင့်တပ်တွေပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ စစ်တပ်ဂိတ်တွေထဲမှာ မြစ်ကြီးနားအထွက် ဗလမင်းထင်တံတား စုပေါင်းဂိတ်၊ ဝါးရှောင်အထက် ဆဒုံးလမ်းခွ စစ်တပ်ဂိတ်နေရာ ချီဖွေမြို့အဝင် စစ်တပ်ဂိတ်နေရာတွေမှာ ကုန်တင်ကားတွေကို ငွေကြေးပေးဆောင်ရတာ အများဆုံးဖြစ်ပြီး ဂိတ်တစ်နေရာမှာတင် ၅ သောင်းနဲ့ ၆ သောင်းကြားမှာတောင်းခံနေကြတယ်လို့ ကားသမားတွေ ဆီကသိရပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနားကနေ ချီဖွေဘက်ကို တက်တဲ့ ကုန်တင်ကားတင်တဲ့ ကားသမားတစ်ယောက်ဟာ အဲဒီ စစ်တပ်ဂိတ်နေရာတွေမှာ ငွေကြေးပေးဆောင်နေရတာကြောင့် အတက်မှာတင် ၄ သိန်းဖိုးလောက်ပေးဆောင်နေရတယ်လို့ ချီဖွေလမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပါတယ်။

ကျနော်တို့ ကားသမားတွေက တင်းတင်းကြပ်ကြပ်နဲ့တော့ သွားနေရတာပေါ့။ ဂိတ်တိုင်းက ငွေပေးမှသာ သွားလာလို့ရတာလေ။ ဂိတ်တွေက အရမ်းများတာ လက်နက်ကိုင်အဖွဲ့တွေစုံတယ် တောင်းတာက သူတို့ ငွေတောင်းတာက ဆိုင်တဲ့ ဌာနတွေ၊ မဆိုင်တဲ့ဌာနတွေ အကုန်ပေးနေရတာ။ တစ်ခါတစ်လေဆို ဆီဖိုးတောင်မကာမိဘူး။ ပုံမှန်တက်တိုင်း ၄ သိန်းလောက်တော့ ပေးရတယ်လို့ပြောပါတယ်။

အဲဒီထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့ မန်ဒေါင်အနီးတဝိုက်မှာ ဂိတ်စခန်းချပြီး ကုန်တင်ကားတစ်စီးကို တစ်နှစ်စာ ကားအရွယ်အစားပေါ်မူတည်ပြီးတော့ ၂ သိန်းနဲ့ ၃ သိန်းကြားမှာ ဖြတ်ပိုင်းကောက်ခံတာတွေမကပဲ ကုန်ကားတက်တိုင်းလည်း ငွေကြေးပေးဆောင်ရတယ်လို့ ဆက်ဆိုပါတယ်။

ချီဖွေမြို့ပေါ်မှာ ဆန်တစ်အိတ်ကို ၂ သိန်းဝန်းကျင်နဲ့ စားဆီတစ်ပိဿာကို သောင်းဂဏန်းပေးဝယ် စားသုံးနေရပြီးတော့ ယခင် ခရီးသည်တစ်ယောက်မှာ မြစ်ကြီးနားနဲ့ ချီဖွေကို တစ်သောင်းခွဲသာ စျေးရှိပေမယ့် လက်ရှိမှာ ၆ သောင်းအထိ ပေးစီးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့ကြောင့် ချီဖွေဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေ ဒေသခံတွေထက် စစ်တပ်ဂိတ်တွေအများအပြား တိုးချဲ့ထားပြီး လုံခြုံရေးခေါင်းစဉ်နဲ့ ငွေကြေးတောင်းခံနေတဲ့ စစ်တပ်ဂိတ်တွေကို ဖျက်သိမ်းပေးဖို့ နဲ့ စစ်တပ်တွေမှာ ငွေကြေးတောင်းခံတာတွေ မလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Show More

Related Articles

Back to top button