ပူတာအိုမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့အတူ လျှပ်စစ်ပစ္စည်း၊လူသုံးကုန်ပစ္စည်းတွေကို အတင်းအဓ္ဓလိုက်လံရောင်းချသူတွေများလာ

ပူတာအိုမြို့မှာ လျှပ်စစ်ပစ္စည်းတွေနဲ့တခြားလူသုံးကုန်ပစ္စည်းတွေကို အတင်းအဓ္ဓမလိုက်လံရောင်းချသူတွေများလာတယ်လို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးပူ၊ ထမင်းပေါင်း၊ အလှပြင်စတဲ့ပစ္စည်းတွေကအစတစ်အိမ်တက်တစ်အိမ်ဆင်း ဈေးအဆမတန်တင်ပြီး အတင်းအဓ္ဓမ ရောင်းပေးတာတွေအပြင် ဗလာမပါကံစမ်းမဲပုံစံမျိုးနဲ့ လိုက်ရောင်းနေကြတာဖြစ်တယ်လို့ မချမ်းဘော့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။
“သူတို့က တစ်အိမ်ချင်းဆီကို ဝင်ပြီးလိုက်ရောင်းတာ၊ ပိုက်ဆံမရှိဘူးလို့ပြောရင် လကုန်မှပေးဆိုပြီးတော့ ပစ္စည်းထားခဲ့ပြီး ဖုန်းနံပါတ်ယူသွားတာ။ ပြီးမှ သူတို့က ဖုန်းကနေ ပြီးတော့ မဲပေါက်လို့ လာထုတ်ပါတဲ့၊ ပိုက်ဆံကိုလည်းလွှဲခိုင်း အဲလိုမျိုးလုပ်တာ“လို့ပြောပါတယ်။
ပစ္စည်းလိုက်ရောင်းသူတွေဟာ ကားကိုလမ်းထိပ်မှာရပ်ထားကာ လမ်းကြားတိုင်းက အိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်ရောင်းတာဖြစ်ပြီးတော့ ၆ ယောက်ကနေ ၁၀ ယောက်လောက်ထိရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အောက်တိုဘာလအတွင်းမှာဘဲ ပူတာအိုဒေသခံတစ်ဦးကို ဆိုင်ကယ် မဲပေါက်တယ်လို့ဆိုကာ ဖုန်းဆက်လာပြီး မန္တလေးမှာလာထုတ်ခိုင်းခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
“သိပ်မကြာသေးဘူး ဖြစ်တာ၊ ဆိုင်ကယ် မဲပေါက်တယ်တဲ့ မန္တလေးမှာလာထုတ်ဆိုတော့ သူတို့ကလည်း မန္တလေးမှာ သားသမီးတွေလည်းရှိတော့ သွားထုတ်မယ်ဆိုပြီး သွားလိုက်ရော၊ ဟိုရောက်တော့ ဟိုချိန်း ဒီချိန်းလုပ်တယ်တဲ့၊ ပိုက်ဆံအရင်လွှဲခိုင်းတယ်တဲ့ ၊ ဆိုင်ကယ်ရမှ ပိုက်ဆံရှင်းမယ်ပြောတော့ နောက်တော့ ဖုန်းဆက်လို့မရတော့ဘူးတဲ့“လို့ပြောပါတယ်။
ဒါ့အပြင် အွန်းလိုင်းပေါ်က ပိုက်ဆံလိမ်လည်တာတွေလည်းရှိနေပြီးတော့ ပြီးခဲ့တဲ့လမှာဘဲ ပူတာအို ဒေသခံတစ်ယောက် ငွေကျပ် ၅ သိန်းလိမ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
လိမ်လည်သူတွေဟာ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတိုင်းမှာ အုပ်စုလိုက်တွေ့နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က ပြောပါတယ်။
ပူတာအိုမြို့မှာ ခုလိုငွေကြေးလိမ်လည်မှုတွေနဲ့အတူ အိမ်တိုင်ရာရောက် ဗလာမပါကံစမ်းမဲပုံစံနဲ့ ပစ္စည်းလိုက်ရောင်းပေးတာတွေကြုံနေရပေမဲ့ သက်ဆိုင်ရာဘက်ကနေ ခုချိန်ထိ တစ်စုံတစ်ရာပြုလုပ်ပေးတာမျိုးမရှိဘူးသေးဘူးလို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပူတာအိုမြို့မှာအခုလိုလိမ်လည်တာမျိုးတွေ ပိုမိုတွင်ကျယ်လာပြီးတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ပိုပြီးဆိုးရွာလာတာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့နှစ် နှစ်ကလည်း ထွက်ပြီးသားထီလက်မှတ်တွေကို ထီလက်မှတ်အသစ်တွေဆိုပြီးလိမ်လည်ရောင်းချမှုတွေ ရှိခဲ့ပါတယ်။
By – Bu Bu