ဆဒုံး စုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား

ကချင်ပြည်နယ် ဆဒုံးမြို့ စစ်တပ်ရဲ့စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေ ဒီကနေ့မနက်ပိုင်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဆဒုံဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင်လောက်မှာ KIA ဘက်က လာရောက်ပစ်ခတ်တိုက်ခိုက်သွားပြီး ဂိတ်စောင့်နေတဲ့ ရဲနဲ့စစ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း ဆဒုံးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီမနက် ၆ နာရီကျော် ၇ နာရီလောက်မှာလာပစ်ပြီးဖမ်းသွားတာ။ အပြန်အလှန်ပစ်တာမျိုးတော့ မဟုတ်ဘူး တပ်ရင်း ၃ နယ်မြေဘက်ဂိတ်မှာပစ်ပြီး လာဖမ်းသွားတာ”လို့သိရတယ်။
ပစ်ခတ်ခံရတဲ့ စုပေါင်းဂိတ်က ဆဒုံးမြို့ ရပ်ကွက် ၃ မှာရှိပြီး ရဲနဲ့စစ်သားတွေပေါင်းပြီး ဂိတ်ကြေးကောက်စားနေတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ဂိတ်နားမှာစျေးရောင်းနေတဲ့ စျေးသည် ၃ ဦးကိုလည်း KIA ဘက်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် KIA တပ်ရင်း ၃ တာဝန်ရှိသူတွေကို KNG သတင်းဌာက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဆဒုံး– ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ဇွန်လမှာလည်း စစ်ကောင်စီတပ် ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရောက်လာတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် KIA တပ်စွဲနေထိုင်တဲ့ လဂတ်ကောင် တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
By – Hope