သတင်း

ဆော့လော် PDF တပ်သား ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်း

ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ်မှာရှိတဲ့ ဆော့်လော် PDF တပ်သား  ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်းသွားတယ်လို့ ဆော့်လော်ဒေသခံတွေဆီက ပြောပါတယ်။

အဲဒီ ဆော့လော် PDF တပ်သား ၈ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂ ရက်နေ့ ဆော့လော်မြို့မှာ စစ်ရဟတ်ယာဉ်နဲ့လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ချီဖွေမှာရောက်နေတဲ့ ဆော့လော်ဒေသခံတစ်ယောက်က KNG ကို ခုလိုပြောပါတယ်။

ဟိုနေ့က စစ်ရဟတ်ယာဉ်နဲ့လာခေါ်သွားတာလို့ သိရတယ်။အဲဒီ PDF တွေက ဒီဘက်ဆော့်လော်နယ်တစ်ဝိုက် KIA တပ်ရင်း ၄၆ အောက်မှာနေတဲ့သူတွေဟုတ်တယ်။ဒေသခံတစ်ချို့လည်းပါသလို နယ်အသီးသီးက အဲမှာလာနေတဲ့သူတွေလည်း ပါတယ်လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ထဲကို ဝင်ရောက်လာတဲ့ ဆော့လော် PDF တပ်ဖွဲ့တွေဟာ ယဂျော်ဒိုင်လွမ်း၊ခေါင်ရယ်၊ဆန်းမွန်းအောင်၊ လန်နော့ဒေါင်ခေါင်၊ ဝင်းဦး ၊လော်ဒယ်ဟောင်းဇောင်း၊ထော့ဂေါ်ဇုံးကိ၊လယော်ခေါင်ဟောင်း တို့ ၈ဦးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဆော့လော် PDF တပ်သားတွေယူဆောင်လာတဲ့ AK-47 ၄ လက်၊ KO လက်နက်ငယ် ၂လက်၊ AK-47 ၄၀တွဲ တစ်လက်၊ 79 ၂လက်၊ စနိုက်ဘာ ၁ လက်၊ ၅.၅၆ ကျည် ၄၅၀တောင့်၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၉လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုအပြင် ဆက်စပ်ပစ္စည်းတွေကို စစ်တပ်ပိုင်ရုပ်သံ၊သတင်းစာတွေမှာ ဖော်ပြနေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ သူတို့ထံ ပူးပေါင်းလာသူ ၁၀ ဦးဖြစ်တယ်လို့ ဖော်ပြနေပေမယ့် ဆော့လော်ဒေသခံတွေပြောတာကတော့ ဆော့လော်ဘက်ကခေါ်ဆောင်သွားတာ ၈ ဦးသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို ဆော့လော် PDF တပ်သားအစုလိုက် ဘက်ပြောင်းသွားတဲ့အပေါ် ဆော့လော် ဒေသခံတစ်ဦးပြောတာကတော့ PDF အဖွဲ့လိုက် စည်းရုံးခံရတာဖြစ်နိုင်တယ်လို့ ခုလိုသုံးသပ်ပြောဆိုပါတယ်။

သူတို့က ခုမြန်မာနိုင်ငံထဲ ဘယ်နေရာဘာဖြစ်သလဲဆိုတာ သိမှာတောင်မဟုတ်ဘူး ဟိုဘက်က စည်းရုံးလာရင် အဟုတ်ထင်ပြီး ပါသွားတာ။ အဲဘက်မှာ ပြည်သူ့စစ်တွေလည်းရှိတယ်လေ တစ်ယောက်ယောက်လိုက်စည်းရုံးလို့ ခုလိုအဖွဲ့လိုက်ပါသွားတာဘဲ ကျနော်ထင်တယ်။ ကျနော်တို့ဆော့လော်ဘက်က ဘာလိုင်းမှမရဘူးလေ။ တစ်ခါတစ်လေ ဖုန်းတောင်မှဆက်ရခက်တာ။ကျနော်တောင် ချီဖွေရောက်မှလိုင်းကောင်းကောင်းသုံးရတာလို့ အမည်မဖော်လိုတဲ့ ဆော့လော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဘက်ပြောင်းလာသူတွေကို စစ်ကောင်စီတပ်က ကြိုဆိုတဲ့အစီစဉ်တွေပြုလုပ်ပြီး ဂုဏ်ပြုငွေသားတွေပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြနေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဖက်ဖက်ကနေ အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ ဗျူဟာတွေအမျိုးမျိုးခင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေကို မက်လုံးတွေအမျိုးမျိုးပေးပြီး ဖိတ်ခေါ်နေတာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button