သတင်း

တောင်နီပြည်သူ့စစ်စခန်းဒရုန်းနဲ့တိုက်ခိုက်ခံရ ပြည်သူ့ စစ် တစ်ဦးသေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီရွာမှာရှိတဲ့ပြည်သူ့စစ်စခန်းကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDFက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။
 

မနေ့က နိုဝင်ဘာ၃ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီး ဘေးမှာရှိတဲ့ တောင်နီရွာကပြည်သူ့စစ်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
“မိုးကောင်းမြို့တောင်ဘက်က တောင်နီရွာပေါ့ အဲ့ဒီရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးဖြုတ်ချလိုက်တာပေါ့ တစ်ယောက်သေတယ် တစ်ယောက်ဒဏ်ရာရသွားတယ်လို့ ပြန်ကြားရတယ်”လို့ပြောပါတယ်။
 
သေဆုံးခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟာ အသက် ၅၀ ကျော်အရွယ် ဦးထွန်းအောင်ဆိုသူဖြစ်ပြီး ကင်းစောင့်တဲ့ အချိန် တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
 
တောင်နီရွာဟာ မိုးကောင်းမြို့ရဲ့တောင်ဘက် မြို့နဲ့ ၅မိုင်အကွာမှာရှိပြီး အာဏာမသိမ်းခင်ကတည်းက ရှိတဲ့ ပြည်သူ့စစ်စခန်းဖြစ်တယ်လို့သိရပါတယ်။
 
“အဲ့စခန်းက အင်အားဘယ်လောက်ရှိလည်းတော့မသိဘူး အမြဲတမ်းပုံမှန် ၂ယောက်၃ယောက်ကတော့ ကင်း စောင့်တာတော့ရှိတယ် ပစ်ခတ်ခံရပြီးနောက်ပိုင်းတော့ ရွာထဲမှာတော့ လိုက်စစ်တာတွေရှိတယ်လို့ ပြောတယ်” လို့ ဒေသခံတစ်ယောက်က ပြည်သူ့စစ်စခန်းပစ်ခတ်ခံရပြီးနောက်ပိုင်းအခြေနေကို ပြောပြပါတယ်။
 
ဒါ့အပြင် မနေ့က မနက်ပိုင်း ၇နာရီလောက်မှာပဲ ဆဒုံးရပ်ကွက်၃ မှာရှိတဲ့ စုပေါင်းဂိတ်ကို ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်ဖွဲ့တွေကသွားရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်စောင့်တဲ့စစ်ကောင်စီတပ်သား ၃ ယောက် နဲ့ ဂိတ်မှာဈေးရောင်းသူ ၃ ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါတယ်။
 
BY – Zaw Zaw
Show More

Related Articles

Back to top button