သတင်း

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်

အာဏာသိမ်းစစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး လိုင်ဇာနယ်စပ် တရုတ်ဘက်ခြမ်းဘက် နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း လိုင်ဇာဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီခွဲကစပြီး စစ်တပ်ဘက်မှ လိုင်ဇာမြို့ဘက်ကို ဦးတည်ပြီးလက်နက် ကြီးဆက်တိုက်ပစ်ခတ်နေရာကနေ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

တရုတ်ဘက်ခြမ်း ၄ ခုသွားကျပေါက်ကွဲတယ်။ အိမ်တစ်အိမ်ကို ထိပြီး ၂ ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တယ်။ တစ်ဦးက အပြင်မှာရှိနေချိန် နေရာမှာတင်သေသွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခယာဘွမ်(Hkaya Bum) ၊ ဖွန်းပျန်ဘွမ်(Hpun hpyen bum) ၊ ခန်းကိုင်(Hkangkai Bum) နဲ့ ဘွမ်ရဲဘွမ်(Bumre bum) စတဲ့ တောင်ကုန်းပေါ်က‌နေလက်နက်ကြီးနဲ့ လှမ်းပစ်‌နေတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲမှစပြီး လက်နက်ကြီးပစ်ခတ်တာ  ၁ နာရီဝန်းကျင်အထိဆိုရင် လက်နက်ကြီးပစ်ခတ်တဲ့အကြိမ်ပေါင်း အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှုရှိတယ်လို့လည်း လိုင်ဇာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

၁၀ နာရီခွဲလောက်ကနေ စမြည်လာတာ။ အခု ၁ နာရီဝန်းကျင်ထိ ပစ်နေတုန်း အခုလည်းမြည်နေတုန်း။ ၂၀၊ ၃၀ ထက်မကဘူး ဘယ်နှကြိမ်ပစ်လည်း မရေနိုင်တော့ဘူး။ ကတုန်းကျင်းတွေထဲ ပုန်းအောင်း ခိုအောင်းပြီး သတိထားနေကြရတယ်ဆိုတော့။ ဒီဘက်လိုင်ဇာဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်။ လူတွေတော့ဘာမှမဖြစ်ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး တရုတ်ဘက်ခြမ်းကျရောက်ပေါက်ကွဲတာတွေရှိတဲ့အပြင် လိုင်ဇာမြို့ ညစျေးတန်းမှာလည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တစ်ချို့၊ အဆောက်အအုံတချို့ မှန်ကွဲတာ ၊ ထိခိုက်ပျက်စီးတာတွေ ရှိကြောင်း ဆက်လက်သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ (၃၁) ရက်နေ့က‌နေ နိုဝင်ဘာလ () ရက်နေ့ ၂ ရက်ဆက်တိုက် လိုင်ဇာမြို့အနီး ၃ နေရာခန့်မှာ လေယာဉ်နဲ့ ဗုံးကျဲခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့ ကန်တော်ယန်စခန်းသိမ်းပိုက်ခံလိုက်ရတဲ့နောက် ဆက်တိုက်ဆိုသလို လိုင်ဇာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button