ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ကျွှဲ၊နွားသေဆုံးမှုမြင့်တက်လာ
ကချင်ပြည်နယ် မြို့နယ်တစ်ချို့က ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲကူးစက် ရောဂါဖြစ်ပွားနေတဲ့အတွက် ကျွှဲ၊ နွားသေဆုံးတာတွေပိုများလာနေတယ်လို့ မြစ်ကြီးနားက တိရစ္ဆာန်ကုဆရာဝန် (တိကုဆရာ) တစ်ယောက်က ပြောပါတယ်။
လက်ရှိ မိုးကောင်းနဲ့ ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်လျှောက် ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲရောဂါကြောင့်သေဆုံးတာတွေဖြစ်နေပြီး လက်ရှိထိအကောင် ၁၀၀ သေဆုံးနေပြီလို့ တိကုဆရာက KNG ကိုပြောပါတယ်။
“ကျွန်တော်တို့ လိုက်ကုပေးတာနဲ့ တစ်ချို့ ဆေးဆရာတွေ ရဲ့ပြောတာတွေအရဆိုရင်ပေါ့နော်၊ မိုးကောင်းမြို့နယ်မှာဘဲဆိုရင်တောင်ရှေ့ပိုင်းမှာဖြစ်တာက မြေမြုပ်ဖို့အတွက်တောင် နေရာမရှိဘူးပေါ့ အရမ်းများလို့၊အခုဆိုရင် ၁၀၀ အထက်ရှိနေပြီ၊ ဒါတောင် အငယ်တွေကိုထည့်မတွက်ထားဘူး”လို့ပြောပါတယ်။
လည်ချောင်းကွဲရောဂါဟာ အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ရောဂါ တစ်မျိုးဖြစ်ပြီး အညစ်ကြေးစွန့်ရာကနေတစ်ဆင့် ကူးစပ်နိုင်သလို သွေးနဲ့ အချင်းချင်းထိတွေ့တဲ့အခါမျိုးမှာ ကူးစက်နိုင်တာကြောင့် ၆ လတစ်ကြိမ် ကာကွယ်ဆေးထိုးပေးဖို့လိုအပ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ဒီရောဂါက ဘတ်တီးရီးယာ တစ်မျိုးဖြစ်တဲ့အတွက် ကုသလို့ရတယ်၊ကာကွယ်ဆေးရှိတယ်၊ ၆ လတစ်ကြိမ် ထိုးပေးရတယ်၊ တစ်နှစ်ကို ၂ ကြိမ်နဲ့ ထိုးပြီးကုလို့ရတယ်၊ ၆ လ မပြည့်ခင် တစ်ပတ်အလိုမှာ ပြန်ထိုးပေးရမယ်”လို့ပြောပါတယ်။
အဲ့ဒီရောဂါဟာ ကျွဲ၊ နွား၊ သိုး၊ ဝက်၊ ဆိတ်၊ ဆတ်၊ ဂျီ စတဲ့ တိရိစ္ဆာန်တွေမှာကူးစက်မှုများပြီးတော့ ကျွဲမှာ ကူးစက်လျှင် ဆေးကုသရန် ခက်ခဲတယ်လို့သိရပါတယ်။
ဒါ့အပြင် ကူးစက်ခံရပြီဆိုရင် ရောဂါလက္ခဏာတွေအနေနဲ့ မျက်လုံးနီရဲ့တာ၊လည်ချောင်းရောင်တာ၊ အသက်ရှူရခတ်တဲ့အသံ၊ စားမဝင်တာ၊ သွားရေယိုတာတွေဖြစ်တတ်တယ်လို့လည်း တိကုဆရာဝန်က ပြောပါတယ်။
ကျွှဲ၊နွား တိရိစ္ဆာတွေမှာ ဖြစ်နေတဲ့ကူးစက်ရောဂါဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင် – စစ်ကိုင်းအစပ် ဒေသတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ် ဒီရောဂါဟာ ပြီးခဲ့တဲ့လ ဒွန်ဘန်စဖြစ်လာတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်ကလည်း အဲ့ဒီလိုရောဂါမျိုးကြောင့် မိုးကောင်းမှာ ကျွဲ၊နွားတွေ ရှားပါးသွားလောက်တဲ့အထိ ကူးစက်ပြီး သေဆုံးတာမျိုးရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီနှစ် ဇွန်လမှာလည်း ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်တွေမှာ အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံထားရတာကြောင့် ကျွှဲ၊နွားအကောင်ရေ ၂၀၀လောက်ထိ ကူးစက်တာတွေရှိခဲ့ပါတယ်။
By – Bu Bu