သတင်း

ပူတာအိုဒေသ ပြည်သူ့စစ် ဖွဲ့စည်းမှုမှာပါဝင်သူတချို့ကို KIA ဖမ်းဆီးထား

ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် လိုက်လံစည်းရုံးပေးနေတဲ့ ဒေသခံတစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကျေးရွာ ၂ ရွာက ဖမ်းဆီးခံရတဲ့သူ  ဦးအထိရှိနေကြောင်း လုံရှာယန် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ပြည်သူ့စစ်ဖွဲ့ဖို့ စည်းရုံးရေးလုပ်ပေးတယ်လို့ ဆိုပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေရှိတယ်။ ဖတ်မာနဲ့ လုံးရှာယန် ရွာ ၂ ခုကပါတယ်။ အဲဖမ်းဆီးခံရတဲ့သူတွေက အခုချိန်အထိ လွတ်မြောက်လာတာ မရှိသေးဘူး။ အဲ့ကြောင့်မို့ ဒီကလူတွေတောင် ပြည်သူ့စစ်နဲ့ ပတ်သက်ပြီးတော့ ဘာမှတောင်မလုပ်ရဲကြဘူး တိတ်ဆိတ်နေကြတယ်” လို့ ပြောပါတယ်။

ဒူးလေးပါတီ ကိုယ်စားလှယ်လောင်းတစ်ယောက်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ လူမျိုးရေးနဲ့ လုံခြုံရေးအကြောင်းပြုပြီးတော့ လီဆူခရစ်ယာန်အသင်းတော်အလိုက်အပြင် တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစည်းရုံးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စက်တင်ဘာလထဲမှာပဲ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လိုက်လံစည်းရုံးမှုမှာ ပါဝင်တယ်လို့ သတင်းထွက်နေတဲ့ ဖတ်မှာကျေးရွာ ဒေသခံ ၄ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း ထပ်မံပြီးတော့ လုံရှာယန်ကျေးရွာက ခရစ်တော်အသင်းရဲ့ အသင်းတော်က ဆရာနဲ့ အမှုတော်ဆောင် ၂ ဦး၊ စုစုပေါင်း ၃ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ လုံရှာယန်ဒေသခံတွေ ဆီကသိရပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့ ၇ ဦးဟာ နိုဝင်ဘာလ ၆ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ KIA တပ်ရင်း ၇ မှာပဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ လုံရှာယန်နဲ့ ဖတ်မာ ကျေးရွာ ၂ ခုကြားမှာ ပြည်သူ့စစ်ဂိတ်ချနိုင်ရန် စီစဉ်နေပြီး ပူတာအိုသွားလမ်း တစ်လျှောက်ကို ထိန်းချုပ်ရန်လည်း ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လုံရှာယန်နဲ့ ဖတ်မာဒေသမှာ လီဆူပြည်သူ့စစ်ဖွဲ့စည်းဖို့ လုပ်ဆောင်လာတဲ့အချက်ဟာ ဖတ်မာနဲ့လုံရှာယန် ကျေးရွာ ၂ ခုစလုံးမှာ လီဆူမျိုးနွယ် အိမ်ထောင်စု ၄၀၀ ကျော်လောက်ရှိတဲ့အတွက် အခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ကျေးရွာ ဒေသတွေမှာ ပြည်သူ့စစ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဒေသခံအချင်းချင်းကြား လူမျိုးရေးပြဿနာတင်မကပဲ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ကန့်ကွက်သွားမယ်ဖြစ်တယ်လို့ လုံရှာယန်ဒေသခံက ဆက်လက်ပြောဆိုပါတယ်။

“ပြည်သူ့စစ်ရှိသွားပြီဆိုရင် လူမှုရေးပြဿနာအရင်ဖြစ်လာမှာဖြစ်တယ်။ အဓိကတော့ KIA မှာလည်း စစ်သားရှိတယ်။ ကျနော်တို့မှာလည်း လီဆူပြည်သူ့စစ် ရှိတယ်ဆိုပြီး ဖြစ်လာမှာဖြစ်တယ်။ ပြီးရင် ဒေသထဲမှာလည်း သွားရေးလာရေးက အစ ကန့်သတ်မှုတွေ၊ အရမ်းများလာမယ်ဖြစ်တယ်။ ဒါတင်မကဘူး တိုက်ခိုက်တာတွေလည်း အရမ်းများလာမယ် ကျနော်တို့က မကြိုက်ဘူး ကန့်ကွက်ချင်ပါတယ်” လို့ ပြောပါတယ်။

တစ်ဖက်မှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လုပ်ဆောင်လာတဲ့အပေါ်မှာ KIA က မလိုလားတဲ့အတွက် စည်းရုံးမှုမှာ ပါဝင်တဲ့ တစ်ချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသအတွင်းထဲမှာ ဒေသခံအချင်းချင်း အမြင်မတူ သဘောထား ကွဲလွဲမှုတွေဖြစ်ပေါ်လာတာကို မြင်တွေ့ရတယ်လို့ ပြောပြပါတယ်။

ဒါကြောင့် လုံရှာယန်နဲ့ ဖတ်မာ ကျေးရွာ ၂ ခုမှာ ပြည်သူ့စစ်ဖွဲ့ စည်းဖို့ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ တာဝန်ရှိသူတစ်ချို့က ပြည်သူ့စစ်ဖွဲ့စည်းဖို့ အစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလမှာပဲ ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်ရင်းထံကို စာတင်ပြတောင်းဆိုထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ၆၃ နှစ်မြောက် KIO/KIA အထိမ်းအမှတ်နေ့မှာလည်း KIO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အင်ဘန်လက ပြည်နယ်အတွင်းမှာရှိတဲ့ ကျေးလက်ဒေသအသီးသီးမှာ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်ဖွဲ့စည်းပေးနေတာတွေရှိနေပြီး ပြည်သူလူထုတွေအနေနဲ့ လုံးဝမပါဝင်ကြဖို့ တိုက်တွန်းပြောဆိုထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button