သတင်း

ပူတာအိုမှာ ကျောက်ဂျပိုးစျေးကောင်းရပေမယ့် အထွက်နည်းသွားပြီလို့ ဒေသခံတွေဆို

ကချင်ပြည်နယ် ပူတာအိုမှာ ကျောက်ဂျပိုးစျေးကောင်းရနေပေမယ့် ဒီနှစ်မှာတော့ ကျောက်ဂျပိုးအထွက်နည်းသွားပြီလို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောက်ဂျပိုးကို ပူတာအို မူလာရှီးဒီးတံတားနဲ့ မြစ်ချောင်းဘေးတစ်လျှောက် ဖမ်းဆီးနိုင်ခဲ့ကြပေမယ့် ဒီနှစ်မှတော့ မူလာရှီဒီးတံတားအနား ကျောက်ဂျပိုးမထွက်ရှိတော့တာကြောင့် ဒေသခံပြည်သူအများစု ချောင်းဖျားပိုင်းအပြင် ရေခဲတောင်အထိ တက်ပြီးဖမ်းတာတွေရှိပေမယ့် ကျောက်ဂျပိုး သိပ်မရကြဘူးလို့ ဆိုပါတယ်။

မနှစ်ကလိုမျိုး ပျံတာမများလို့ တချို့ကတော့ စောင့်ရတာကြာလို့ ပြန်လာကြသူတွေလည်းရှိတယ်။ ရေခဲတောင်ဘက်သွားပြီးဖမ်းကြတဲ့သူတွေကတော့ ဖမ်းဖို့မရှိလို့ ပြန်လာကြသူတွေလည်းရှိတယ်။ ဒီအကောင်မထွက်ခင်ကတည်းက စျေးနှုန်းက အရင်တက်နေပြီဆိုတော့ စျေးရတာကြားလို့ အားလုံးက အစုအပြုံလိုက် သွားပြီးဖမ်းကြတာ။ အကောင်မထွက်ခင်ကတည်းက လူအုပ်သွားနေပြီ။ မနှစ်က ဒီအချိန် အကောင်တွေ ထွက်ချိန်တောင်ကုန်တော့မယ်၊ ဒါပေမဲ့ ဒီနှစ်က မရကြဘူး။လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်ဂျပိုးကို စျေးကွက်တွေမှာ ခင်းရောင်းတာသိပ်မတွေ့ရတော့ပေမယ့် ကျောက်ဂျပိုးဝယ်လိုသူတွေဟာ ကား၊ဆိုင်ကယ် နဲ့ ဒေသခံတွေကျေက်ဂျပိုးဖမ်းကြတဲ့နေရာတွေထိ လာရောက်ပြီး ဖောက်သည်စျေးနဲ့ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။

အခုက စျေးကွက်ထဲခင်းပြီး ရောင်းတာတောင် မတွေ့တော့ဘူး။ တစ်ခါတည်း ဖောက်သည်လိုက်ဝယ်တဲ့သူတွေက အဲဒီအကောင်ဖမ်းတဲ့သူတွေနားမှာကို ကားတွေနဲ့လာပြီး စောင့်ဝယ်ကြတာ။ ကိုယ်စားလှယ်ခံပြီး ရောင်းကြတယ် ထင်တယ်။ စျေးထဲခင်းရောင်းတာ သိပ်မတွေ့တော့ဘူး” သူက ဆက်ပြောပါတယ်။

 လက်ရှိ ကျောက်ဂျပိုး နို့ဆီခွက်တစ်ခွက်ကို နှစ်သောင်းနဲ့သုံးသောင်းကြား စျေးရနေပြီး တစ်ပိဿာကို သုံးသိန်းကနေ လေးသိန်းကြား စျေးရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆောင်းအဝင်မှာမြစ်ချောင်းတစ်လျှောက် ထွက်လာကြတာဖြစ်ပါတယ်။ ဒေသခံတွေကလည်း ကျောက်ဂျပိုးထွက်ချိန်မှာ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဖြစ်ဖမ်းကြသလို ဟင်းစားအဖြစ် ဖမ်းကြတာတွေလည်း ရှိပါတယ်။

ကျောက်ဂျပိုးကို ပူတာအိုဒေသခံတွေက ငရုတ်သီးနဲ့ထောင်းစားကြသလို ကျောက်ဂျပိုးအခြောက်ကို အမှုန့်ဖြစ်အောင်ထောင်းထားပြီး ဟင်းချိုထဲလည်းထည့်စားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပူတာအိုဒေသမှာ ဒီနှစ်အတွင်း ခရီးသွားပြည်သူတွေမရှိသလောက်ဖြစ်သွားပြီဖြစ်တာကြောင့် လမ်းပြလုပ်ငန်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ ဝင်ငွေခက်ခဲသွားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေက ကျောက်ဂျပိုးအပြင် ရေခဲတောင်ထွက် ဆေးမြစ်ဆေးဥတွေ၊ တောထွက်ပစ္စည်းတွေကို ရှာဖွေရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button