အင်တာဗျူး

လီဆူတိုင်းရင်းသားတွေ စစ်မှုမထမ်းမနေရထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအာတီယောဟန်ရဲ့ သဘောထားနဲ့အမြင် (အင်တာဗျူး)

ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့ စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာ မရှိရင် နေအိမ်အထိ လာရောက် စုဆောင်းသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုလာ ၃၀ ရက်နေ့က ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဒီလ နိုဝင်ဘာလ  ရက်ကနေ ၂၂ ရက်နေ့စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီတပ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့က နေစတင်ပြီးတော့ လီဆူ လူမျိုးတွေနေထိုင်တဲ့ ဒေသတစ်ခုပြီးတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ KNG ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

အဲ့ဒီလို ထုတ်ပြန်ချက်တွေထုတ်ပြီးနောက်ပိုင်းမှာတော့ လီဆူလူမျိုးစုအကြား ဝေဖန်မှုတွေ မြှင့်တက်ခဲ့ ပြီးတော့ ဒီရက်ပိုင်းမှာလည်း ဝိုင်းမော်မြို့နယ်အတွင်း တပ်သားစုဆောင်းမှုတွေလုပ်ဆောင်တာတွေ ရှိတယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ အခုလို လီဆူလူမျိုးတွေအပေါ် စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန် တဲ့အပေါ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအာတီယောဟန်ရဲ့ သဘောထားနဲ့အမြင်တွေကို လီဆူလူငယ်တက်ကြွလှုပ်ရှားသူများအဖွဲ့က KNG ကိုပေးပို့လာပါတယ်။


ဦးရွှေမင်းပြည်သူ့စစ်က လီဆူလူမျိုးတွေအပေါ် တပ်သားသစ်စုဆောင်းတာကို ထောက်ခံပါသလားဘာ့ကြောင့်ပါလဲ?

ဦးရွှေမင်းအနေနဲ့ လီဆူလူငယ်တွေကို အတင်းအဓမ္မတပ်သားစုဆောင်းတာကို ကျနော်တို့လီဆူတစ်မျိုးသား လုံးအနေနဲ့ ထောက်ခံမှုမရှိပါဘူး။ သူ့ရဲ့သစ္စာခံတစ်ချို့ပဲအနည်းအကျဥ်းတော့ထောက်ခံကောင်းထောက်ခံလိမ့် မယ်။ ဘာ့ကြောင်မို့မထောက်ခံဘူးလဲဆိုတာတော့ ကျနော်တို့လီဆူလူမျိုးတွေရဲ့ပင်ကိုယ်စရိုက်က ငြိမ်းချမ်းမှု ကိုလိုလားတဲ့ လူမျိုးဖြစ်တယ်။ ဘာသာရေးဘက်မှာအားသန်တယ်။ ဒါ့ကြောင့်မို့ လီဆူလူမျိုးအနေနဲ့ လုံးဝ ထောက်ခံမှုမရှိဘူးလို့ ကျနော်ရဲရဲပြောနိုင်တာဖြစ်ပါတယ်။

ဦးရွှေမင်းအနေနဲ့ မြန်မာနိုင်ငံလီဆူစစ်တပ်ဖွဲ့စည်းဖို့ အတင်းအဓမ္မထုတ်ပြန်တာဘာ့ကြောင့်လို့ မြင်ပါလဲ?

အခုလက်ရှိ စစ်ကောင်စီမှာ စစ်အင်အားမရှိတော့ဘူး။ ဒါ့ကြောင့် စစ်ကောင်စီထောက်ခံတဲ့ ပါတီနိုင်ငံရေး ပြည်သူတစ်ချို့ကို မင်းအောင်လှိုင်အနေနဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ လမ်းစဥ်ကိုသူကကျင့်သုံးချင်တယ်။ ပြည်သူရဲ့တုံ့ပြန်မှုအဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့အတွက်ကြောင့် မို့ ဦးရွှေမင်းကိုအသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စကစတင်လိုက်တယ်လို့ မြင်သလို တစ်နည်းအားဖြင့် လီဆူလူမျိုးတစ်မျိုးလုံးကို အထင်သေးပြီးမှလုပ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

ဦးရွှေမင်းက လီဆူလူမျိုးစုတွေကို စုဆောင်းတာ စစ်ကောင်စီရဲ့ တပ်သားလိုအပ်ချက်နဲ့ဆက်စပ်မှုရှိနိုင် ပါသလား?

ဟုတ်ကဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့စစ်ကောင်စီထဲမှာ တစ်ချို့က CDM လုပ်သွားတယ်။ တစ်ချို့က တိုက်ပွဲမှာကျတယ်။ တစ်ချို့က CDM စာရင်းမဝင်ပဲနဲ့ ဘေးလွှတ်ရာကိုရှောင်ကြတယ်။ အဲ့ဒါကြောင့် စစ်ကောင်စီလက်ထဲမှာ လုံးဝအင်အားချည့်နဲ့နေပြီးမှ တပ်သားလိုအပ်ချက်တွေ အပြည့်အဝရှိ နေတဲ့အတွက် ဦးရွှေမင်းနဲ့ဆက်စပ်တာမဟုတ်ပဲနဲ့ လက်တွဲပြီးမှလုပ်နေတာဖြစ်တယ်လို့ကျနော်မြင်ပါတယ်။

ကေအိုင်အေတပ်ဖွဲ့ကို တိုက်ပွဲဖော်ဆောင်ဖို့ လီဆူစစ်တပ်ဖွဲ့ဖို့ ကြိုးစားတဲ့အပေါ်ကိုအပေါ် ဘယ်လိုမြင်ပါလဲ?

ကေအိုင်အေဆိုတာဟာ ကချင်လွတ်လပ်ရေးတပ်မတော်ဖြစ်တယ် ဒီတပ်မတော်ကို ကျနော်တို့ ကချင်မျိုး နွယ်စုရဲ့ လူမျိုးတွေရဲ့ ဘိုးဘွားတွေက ထူထောင်ထားတာဖြစ်တယ်။ ကချင်ပြည်နယ်ကိုကာကွယ်ဖို့ဖြစ်တယ်။ ကချင်လူမျိုးအားလုံးရဲ့ကိုယ်စားပြုဖြစ်တယ်။ ကချင်လူမျိုးအာလုံးရဲ့ရပိုင်ခွင့်အားလုံးကို ထိန်းသိမ်းဖို့ ဖြစ်တယ်။ အရင်ကလည်း ကျနော်တို့ ကချင်မျိုးနွယ်စုထဲကနေ ကေအိုင်အေကိုတိုက်ခိုက်မယ်ဆိုတာ အစဥ်အလာမရှိခဲ့သလို နောင်လည်းရှိမှာမဟုတ်ဘူး။ အခုလက်တလော ဦးရွှေမင်းကြွေးကြော်နေတာက  သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ကြွေးကြော်နေတာလို့ပဲ ခံယူပါတယ်။

ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်တွေ KIA တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေရှိပါတယ်။ ဒါက ကချင်မျိုးနွယ်စု တွေ အကြားသွေးကွဲမှုတွေဖြစ်စေနိုင်ပါသလား?

ဦးရွှေမင်းအဖွဲ့အနေနဲ့ ကေအိုင်အေကို တိုက်ခိုက်နေတဲ့အတွက် ကချင်မျိုးနွယ်စုထဲမှာ စိတ်ဝမ်းကွဲမှု လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးရွှေမင်းရဲ့ လုပ်ရပ်တွေကို ကျနော်တို့ လီဆူမျိုးနွယ်စုတွေရဲ့ ထောက်ခံ မှုနဲ့ လုပ်နေတာမဟုတ်ပါဘူး။ သူ့ရဲ့ တစ်ကိုယ်တည်းဆုံးဖြတ်ချက်နဲ့လုပ်နေတဲ့အတွက် စိတ်ဝမ်းကွဲ စရာမရှိပါဘူး။ ကျနော်တို့ KIA / KIO မှာ မူဝါဒအရ ဗိုလ်ချုပ်ဂွန်မော်ပြောတဲ့စကားတစ်ခုရှိပါတယ်။ ကျနော် တို့သည် မျိုးနွယ်စုဖြစ်တယ် ညီအစ်ကိုဖြစ်တယ် ညီအစ်ကိုအချင်းချင်းသွေးမစွန်းစေရဘူးဆိုတာ ကျမ်းစာထဲ မှာ ရှိတယ်တဲ့။ ဒါ့ကြောင့် ကျနော်တို့ကိုလက်နက်နဲ့တိုက်ခိုက်လာတဲ့သူဟာ ညီအစ်ကိုမဟုတ်ဘူး ရန်သူဖြစ် တယ်။ အဲ့ချိန်မှ ရန်သူလို့သတ်မှတ်ရမယ်။ ဒါ့ကြောင့်မို့ ဒီလူကြီးတွေရဲ့အမြင်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဦးရွှေမင်း တိုက်ခိုက်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကချင်မျိုးနွယ်စုတွေထဲမှာ လုံးဝစိတ်ဝမ်းကွဲစရာ မရှိပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဦးရွှေမင်းပြည်သူ့စစ်က လီဆူလူငယ်တွေကို တစ်အိမ်တစ်ယောက်စစ်မှုထမ်းရမယ်ဆိုတဲ့ ထုတ်ပြန်ချက် နဲ့ ပတ်သက်လို့ လီဆူပြည်သူလူထုတွေကို ဘာများအသိပေးပြောကြားလိုပါသလဲ?

ချစ်ခင်လေးစားရတဲ့ လီဆူပြည်သူများကို ကျနော့အနေနဲ့ သတိပေးစရာတစ်ခုရှိပါတယ်။ အခုစစ်ကောင်စီ လက်ပါးစေတွေဟာ သူတို့ထင်ရာစိုင်းလုပ်နေတဲ့ကာလဖြစ်တယ်။ မနေ့ကဆိုရင် လီဆူအိမ်တစ်အိမ်မှာ ဝင်လာပြီးမှ ကလေးမွေးထားတာ တစ်ပတ်ပဲရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ကို အတင်းအဓမ္မဖမ်းဆီး သွားတယ်လို့ပြောတယ်။ ဖမ်းတဲ့အခါမှာလည်း ကေအိုင်အေတပ်ဖွဲ့ကဖြစ်တယ်ဆိုပြီးပြောသွားတယ်တဲ့။ ဒီနေ့ ပြန်စုံစမ်းကြည့်တဲ့အခါကျ ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းထားတယ်ဆိုတာတွေ့ပြီဆိုပြီး သတင်းပို့လာတယ်။ ဒါ့ကြောင့်မို့ သူတို့ဟာ မကြာခင်မှာ ဒီထက်ပိုပြီးပြင်းထန်တဲ့လုပ်ရပ်တွေပိုပြီးမှလုပ်လာ လိမ့်မယ် တော်လှန်ရေးတပ်ဖွဲ့တွေကို နာမည်ပျက်အောင်အမျိုးမျိုးလုပ်လာလိမ့်မယ်။ အသွားအလာ သတိနဲ့ နေကြပါလို့ ပထမတစ်ချက်ပြောချင်ပါတယ်။ ဒုတိယအနေနဲ့ သတင်းစကားပါးချင်တာတော့ ကျနော်တို့ လီဆူ ပြည်သူတွေဆုတောင်းပေးနေတဲ့ တော်လှန်ရေးတိုက်ပွဲဟာ အောင်မြင်ဖို့လက်တစ်ကမ်းမှာပဲရှိနေပြီ။ အခုလက်ရှိ စစ်ကောင်စီလက်ပါးစေတွေ ပြည်သူတွေကို အနှောင့်အယှက်ပေးပြီးမှ အိမ်မှာနေလို့မရတဲ့ မိသားစုတွေကို ကျနော်တို့တော်လှန်ရေးခေါင်းဆောင်များနဲ့ တိုင်ပင်ပြီးမှ လုံလုံခြုံခြုံထားနိုင်ဖို့အတွက် စီစဥ်နေပါပြီ။ ဒါ့ကြောင့်မို့ လူကြီးလူငယ်မရွေး စစ်ကောင်စီလက်ပါးစေတွေရဲ့လက်ချက်ကြောင့် အိမ်မှာ နေလို့မရရင် ကျနော်တို့နဲ့ဆက်သွယ်ပါ။ ဆက်သွယ်လာတဲ့ မိသားစုဝင်တစ်ဦးတစ်ယောက် သို့မဟုတ် လူငယ်အားလုံးကို လုံလုံခြုံခြုံထားပေးဖို့ပြင်ဆင်နေပါပြီလို့ သတင်းစကားပါးချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Show More

Related Articles

Back to top button