သတင်း

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း တစ်ထောင်ကျော်ရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း ၁၄၁၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ နိုဝင်ဘာလက ၂၆ရက်နေ့က ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်သစ်ရပ်ကွက် မြို့ရှောင်လမ်းမှာ ငွေကျပ် ၃၉သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြားနဲ့ နိုဝင်ဘာ၂၂ရက်နေ့ကလည်း ငွေကျပ်တန်ဖိုး သိန်း ၁၃၇၅တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးချိန် ၅.၅ကီလိုကို မိုးညင်းမြို့နယ် နန့်စီးအောင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နည်နေရာအနှံ့မှာ မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာပြီး အဲဒီထဲမှာ  ဆယ်ကျော်သက်အရွယ်တွေနဲ့ အသက် ၂၀ကျော်အရွယ်တွေက ပိုမိုများပြားတယ်လို့ ဝိုင်းမော်မြို့ ကောင်းသောရှမာရိ လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့ ဆရာလာဖူလေးက ပြောပါတယ်။

ကျနော်တို့သင်တန်းကျောင်းမှာ အများဆုံးလာတက်တာက အသက် ၂၀ နှစ်ကျော်အရွယ်တွေပိုများတယ်။ အရင်တုန်းကလို ရပ်ကွက်ကနေ မူးယစ်ဆေးဝါးသုံး စွဲသူတွေကို အရေးယူတာမျိုးတွေ မလုပ်နိုင်တော့တဲ့အတွက်  ရပ်ကွက်တွေမှာပေါ်တင်သုံးလာကြတယ် လူကောင်းတွေက ပြန်ကြောက်နေရတယ်သူတို့ကိုလို့ ပြောပါတယ်။

မူးယစ်ဆေးဝါးဖြတ်ဖို့ သင်တန်းကျောင်းရောက်သူတွေဟာ  မြစ်ကြီးနား မြို့တွင်းကလူတွေနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလူမျိုးတွေအပြင် ရှမ်းပြည်နယ်ကတစ်ချို့လာတတ်ကြပြီး ပုံမှန်အားဖြင့်သုံးလတစ်ဖြတ်သင်တန်းကို အယောက် ၁၀၀ ဝန်းကျင်လောက်တော့ လာတတ်ကြတယ်လို့ ဆရာက ဆက်ပြောပါတယ်။

ခုလိုမူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေ များပြားလာတာဟာ နိုင်ငံရေးအခြေအနေကြောင့် ရပ်ကွက်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ထိန်းသိမ်းကြပ်မက်နိုင်ခြင်း မရှိတော့တဲ့အပြင် လူငယ်တွေအတွက် အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာရှိတဲ့ ဆာရာ(SARA)မူးယစ်ဆေးဝါးသုတေသနအသင်းကနေ ကောက်ယူရရှိတဲ့ စစ်တမ်းအရ နန်းကွေ့ ၊တာလောကြီး၊ မန်ခိန် နဲ့ ပလနလို ကျေးရွာတွေကနေ ၂၀၂၃ ခုနှစ်အတွင်းမှာဘဲ မူးယစ်ဆေးသုံးစွဲသူတွေ ပိုများလာသလို မူးယစ်ဆေးဝါးသုံးစွဲမှုရဲ့နောက်ဆက်အနေနဲ့ HIV ပိုးကူးစက်ခံရသူတွေလည်း များလာတယ်လို့ ဆိုပါတယ်။

လက်ရှိ ဆေးဝါးကုသမှုအကူအညီရယူသူ ၂၅၈၉ ဦးဝန်းကျင်ခန့် ရှိတယ်လို့ သိရပြီးဆေးဝါး ကုသမှုခံယူသူတွေထဲမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်လောက်က HIV positive ဖြစ်ပြီးအဲထဲမှာမှ အများစုက စီပိုးရှိနေပြီး သုံးယောက်လောက်က ဘီပိုး positive ဖြစ်နေသူတွေပါဝင်တယ်လို့ ဆာရာရုံးက ဝန်ထမ်းတစ်ဦးကခုလို ပြောပြပါတယ်။

၁၀၀ နဲ့ ၁၅၀ ဝန်းကျင်ကိုစစ်လိုက်လို့ရှိရင် ၃၀နဲ့၄၀ယောက်ဝန်းကျင်လောက်ကတော့ HIV positive ဖြစ်နေတာဘဲ တစ်လနဲ့တစ်လတော့မတူဘူးပေါ့လို့ပြောပါတယ်။

အခုလိုမူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေထဲမှာ အသက် ၃၅ နှစ်အောက် လူငယ်တွေ ပိုမိုပါဝင်တယ်လို့ သူကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၂ကနေ ၂၀၂၃ မေလအထိ မူးယစ်ဆေးဝါးနဲ့ပက်သက်တဲ့အမှု ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဘိန်းဧက ၈၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်ပြည်နယ်စစ်ကောင်စီအစိုးရဘက်က ပြီးခဲ့တဲ့ ဇွန်လမှာ ထုတ်ပြန်ပြောကြားထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာတော့ အမှုပေါင်း ၇၆၆မှု နဲ့ ငွေကျပ် ၁၈၅၂၆.၁၄၇သန်း အပါအဝင် ပြစ်မှုကျုးလွန်သူ ၉၉၆ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရှိရပြီး ၂၀၂၃ခုနစ်မှာတော့ မေလအထိ မူးယစ်ဆေးဝါးနဲ့ပက်သက်တဲ့ အမှုပေါင်း ၂၄၅မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၃.၃၃၈ သန်းကိုဖမ်းဆီးရယူထားသလို ပြစ်မှုကျုးလွန်တဲ့ လူ ၃၁၀ဦးကို ဖမ်းစီးအရေးယူထားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကချင်ပြည်နယ်အနှံ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ များပြားလာသလို တစ်ဖက်မှာလည်းအာဏာသိမ်းပြီးနောက်ပိုင်းမူးယစ်ဆေးဝါးသုံးစွဲသူပိုမိုများပြားလာတယ်လို့ ကချင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေဆီက သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button