သတင်း

ရွှေကူနယ်က စစ်တပ်ရဲ့ အထိုင်တပ်စခန်းတစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှနယ် ရွှေငြိမ်းချမ်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ် ဘက်က KNG ကိုအတည်ပြုပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၇နာရီလောက်မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIAတပ်ရင်း၅၊ မြို့လှကာကွယ်ရေးတပ် နဲ့ မိုးညှင်းခရိုင်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အဲ့ဒီစခန်းကိုကျနော်တို့သိမ်းလိုက်ပြီ တစ်နာရီလောက်တော့တိုက်ခိုက်လိုက်တယ်။ တိုက်ခိုက်ပြီးချိန်မှာ သိမ်းပြီးပြီ အဲ့မှာ နှစ်ဖက်အထိအခိုက်တော့ရှိတယ် သူတို့ရဲ့ ထောက်ပို့ပစ္စည်းတွေနဲ့ သေနတ်တွေ သိမ်းဆည်း ရမိတာရှိတယ် အသေးစိတ်တော့ ကျနော်တို့အတည်မပြုနိုင်သေးပါဘူးလို့ပြောပါတယ်။

အဲ့ဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ ၊ တပ်ရင်း ၅ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီစခန်းနဲ့ အနီးတစ်ဝှိုက်ဒေသကိုထိန်းချုပ်ထားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် မနက် ၉နာရီဝန်းကျင်မှာ မြစ်ကြီးနားကနေ တက်လာတဲ့ ဂျက်ဖိုက်တာ၄စီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်တဲ့ ရွှေငြိမ်းချမ်းရွာထဲကို ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျနော်တို့ သိမ်းပြီးလို့ ပြန်ဆုတ်ခွာလာတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေလာလုပ်တယ် တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့မဆိုင်တဲ့ရွှေငြိမ်းချမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သူကပြောပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေငြိမ်းချမ်းရွာထဲက နေအိမ်နဲ့အဆောက်အဦးတစ်ချို့ထိခိုက်ပျက်ဆီးတာ တွေရှိသလို အရပ်သားသေဆုံးတာ၊ ထိခိုက်တာ တွေရှိတယ်လို့ကြားသိရပေမဲ့ အသေးစိတ်အတည်မပြုနိုင် သေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ ၁၀၊ ခလရ ၇၇ တပ်တွေပူးပေါင်းပြီးတပ်စွဲထားတာ ဖြစ်ပြီး ရွှေငြိမ်းချမ်းရွာနဲ့ ၁မိုင်အကွာလောက်မှာပဲရှိတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ရွှေငြိမ်းချမ်းရွာဟာ ရွှေမှော်ဖြစ်သလို ရွှေကူမြို့နယ် မြို့လှမြို့ထဲမှာရှိတဲ့ကျေးရွာဖြစ်ပြီး ၂၀၁၄ ခုနှစ်က အစိုးရကဖွင့်ပေးထား တဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button