သတင်း

ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ချွေးနဲစာကို ခေါင်းပုံဖြတ်ဖို့စစ်တပ်ကကြိုးစားနေ

နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးကာလ ၃ နှစ်ဝန်းကျင်ရှိလာချိန်မှာတော့ စစ်ရေးအရအဖက်ဖက်က အထိနာနေတာနဲ့တစ်ပြိုက်နက် စီးပွားရေးလည်းတစ်ဟုန်ထိုးကျဆင်းလာနေတာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုတွေနဲ့အတူ ဘဏ္ဍာရေးအကျပ်အတည်းတွေကြုံနေရတဲ့ စစ်ကောင်စီတပ်က ပြည်တွင်းအခွန်တွေကို အဆမတန်ကောက်ခံတဲ့အပြင် တစ်ဖက်မှာလည်း ပြည်ပအခွန်ဝင်ငွေတွေပါရအောင် ကြိုးစားနေပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ရရှိတဲ့လစာထဲက ဝင်ငွေခွန်ကို အောက်တိုဘာလ ၁ ရက်နေ့ကနေစပြီးအခွန်ပေးဆောင်ရမယ့်အကြောင်း အမိန့်ကြေငြာစာထုတ်ခဲ့ပါတဲ့ အပြင် ထိုင်းနိုင်ငံက မြန်မာလုပ်သားတွေသာမက ပြင်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတိုင်းပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ ထိုင်း မြန်မာသံရုံးကနေ ထုတ်ပြန်ချက်ထပ်ပြီး ထုတ်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ ထိုင်းရောက်အလုပ်သမားတွေအနေနဲ့ ဝင်ငွေ ၇၅၀၀ ဘတ်သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ဘတ် ၁၅၀ ပေးဆောင်ရမှာဖြစ်ပြီး ၃ လတစ်ကြိမ်၊ ၆လတစ်ကြိမ် နဲ့ ၉ လတစ်ကြိမ် ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 စစ်တပ်အနေနဲ့ ခုလို ပြည်ပရောက်မြန်မာလုပ်သားတွေအပေါ် အတင်းအဓ္ဓမအခွန်ကောက်ခံနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဒုက္ခနက်ထဲတွန်းပို့နေတာဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမား အမျိုးသမီးတစ်ယောက်က ကိုပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေက တော်တော်လေးကိုထိုးကျနေတယ်၊ အဲ့တာကြောင့် ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ သူတွေဆီကနေပြီးတော့ မီတာခတွေ မတန်တဆ ကောက်တယ်၊ တစ်ခြားအခွန်တွေကောက်ရုံအားမရသေးဘဲနဲ့ နိုင်ငံခြားဝင်ငွေရအောင် ပြီးတော့ ချီ ပြီးတုတ်ပြီးသားပေါ့ နိုင်ငံခြားက မြန်မာနိုင်ငံသားတွေကို ပိုပြီးခက်ခဲနေအောင် လုပ်နေတယ်လို့ မြင်တယ်လို့ပြောပါတယ်။

ထိုင်းရောက်မြန်မာနိုင်ငံသားများ လုပ်ခလစာနဲ့ပတ်သက်ပြီး  ဆန္ဒထုတ်ဖော်ခဲ့စဉ် (Photo-  Naw Tu ) 

မြန်မာပြည်သူတွေဟာ အာဏာသိမ်းပြီးနောက် အထွေထွေအကျပ်အတည်းကြား ရုန်းကန်နေရတဲ့အပြင် စစ်ကောင်စီအောက် လက်တွဲမလုပ်ဖို့ ဖိအားပေးမှုတွေနဲ့အတူ ပြည်တွင်း အလုပ်အကိုင်ရှားပါးတာတွေကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေတာလည်းဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအကြောင်း လေ့လာစောင့်ကြည့်နေတဲ့ IOM အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အစီရင်ခံစာအရ တစ်လကို မြန်မာနိုင်ငံသားလေးသောင်းနီးပါး ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်နေကြတယ်လို့ ဆိုထားပါတယ်။

အဲဒီအထဲမှာ ထိုင်းနိုင်ငံကို ထွက်ခွာသူအများဆုံးဖြစ်ပြီး စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားလေးသိန်းကျော်ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကကူညီနေသူက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်း နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ၂၀၂၂ ခုနှစ်ဒီဇင်ဘာလမှာ သတင်းထုတ်ပြန်ထားပါတယ်။

အလုပ်အကိုင်ရှားပါးမှုတွေနဲ့အတူ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေကြောင့် ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခုလိုအခွန်ဆောင်ရမှာဟာ အလုပ်သမားတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ ကိုပီတာက ကိုပြောပါတယ်။

ဒီအခွန်ဆောင်ရမှာက လုံးဝအဆင်မပြေနိုင်ဘူးပေါ့၊ ကျွန်တော်တို့လည်း သူများနိုင်ငံ အလုပ်လာလုပ်ချင်တာမဟုတ်ဘူး ကိုယ့်နိုင်ငံက အဆင်မပြေလို့ သူများဆီမှာ အောက်ကျို့ခံပြီးလုပ်နေရတာ၊ ပြီးရင် ဒီမှာက ကိုယ့်ဟာနဲ့ကိုရုန်းကန်နေရတာ သူတို့ကို အခွန်ပြန်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထုတ်ပြန်ချက်အတိုင်းမလိုက်နာဘူးဆိုပါက နောက်တကြိမ် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ကို ၃ နှစ် ပိတ်ပင်တားမြစ်ထားမှာဖြစ်တယ်ဆိုတဲ့ သတိပေးချက်လည်းပါရှိနေတာကြောင့် ပြည်ပရောက်လုပ်သားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ် ခြိမ်းခြောက်နေတာလည်းဖြစ်ပါတယ်။

စစ်တပ်က ထုတ်ပြန်ထားတဲ့ အခွန်ဆောင်ရမဲ့ သတ်မှတ်ချက်ဟာ ပြည်သူတွေအပေါ် မတရားလုပ်တာဖြစ်ပြီး အခွန်မဆောင်ရင်လည်း ဗီဇာသက်တမ်းတိုးချိန် အခက်အခဲဖြစ်မှာကို စိုးရိမ်မိတယ်လို့ နောက်ထပ်အလုပ်သမားတစ်ယောက်က ပြောပါတယ်။

ကျွန်တော်ကတော့ လုံးဝမဆောင်ချင်ဘူး၊ ဘာလို့ဆို ကျွန်တော်တို့က ဒီကိုပိုက်ဆံရှိလို့လာတာမဟုတ်ဘူး၊ ပိုက်ဆံမရှိလို့ အလုပ်လုပ်ဖို့လာတာ ဒါကို သူတို့က အခွန်ပြန်ဆောင်ခိုင်းတော့ ကျွန်တော်တို့ အတွက် အဆင်မပြေနိုင်ဘူးလေ၊ မဆောင်ပြန်ရင်လည်း ဗီဇာတွေတိုးတဲ့ချိန် အခက်အခဲပြန်ဖြစ်မှာဆိုတော့ ပေးရမလို ပြန်ဖြစ်နေတာပေါ့လို့ပြောပါတယ်။

အလားတူ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစပြီး ရရှိတဲ့ လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ လစဉ် ဒါမှမဟုတ် ၃ လစာ ပေါင်းပြီး ၃ လ တကြိမ် တရားဝင်လမ်းကြောင်းကနေ လွှဲပို့ရန် စစ်ကောင်စီနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ CB Bank က  ထုတ်ပြန်ကြေညာထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  နှစ်ကျော် ကာလမှာထိုင်းနိုင်ငံအတွင်း တရားဝင်လာရောက် အလုပ်လုပ်ကိုင်တဲ့မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော်ရှိပြီး လက်ရှိထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်းဝန်းကျင်ထိရှိနေတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသူတွေရဲ့ ဖော်ပြတဲ့အချက်အလက် သိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာလုပ်သားများအနေနဲ့ဘဏ်ကနေ ငွေလွှဲတာတွေ မပြုလုပ်ဖို့နဲ့ အလုပ်သမားတွေဆီကရရှိလာမဲ့ နိုင်ငံခြားငွေကို စစ်ကောင်စီကအကြမ်းဖက် လုပ်ရပ်တွေအတွက် လက်နက်ခဲယမ်းဝယ်ယူရာမှာ အသုံးပြုတာတွေ၊ ဗုံးကြဲတိုက်ခိုက်ဖို့၊ လေယာဉ်ဆီ ဝယ်ယူတဲ့နေရာတွေမှာ အသုံးပြုမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အောက်တိုဘာလထဲမှာဘဲ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button