သတင်း

ဒေါ့ဖုန်းယန် စစ်တပ်မှာ ပိတ်ဆို့ခံထားရတဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းတွေ ထွက်ခွာဖို့ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေ

စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ စစ်ရိက္ခာတင်ပို့ဖို့ ပြန်ပြီးကြိုးစားလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

၃ လလောက်အကြာ ဒေါ့ဖုန်းယန် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ရင်းမှာ မန္တလေးဘက်ကနေ တင်ပို့ထားတဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းတွေကို ဒေါ့ဖုန်းယန်အထက် ခယာဘွမ့်(Hkaya Bum)ဘက်ကို ထွက်ခွာဖို့ရှိနေပြီး လုံခြုံရေးယူပေးတဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ဒေါ့ဖုန်းတပ်မှာရှိနေတဲ့ စစ်ကားတွေကို ခယာဘက်ကို တက်ဖို့လုပ်နေကြတယ်။ ဒီကားတွေမထွက်ခင် လမ်းတစ်လျှောက်လုံခြုံရေးယူနေကြတယ်။ အဲ့အဖွဲ့တွေကို KIA ကကြားဖြတ်တိုက်ခိုက်နေတာဖြစ်တယ်။ တိုက်ပွဲဖြစ်တာက ၂ ရက်ဆက်တိုက်ရှိပြီလို့ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းတွေ ထွက်ခွာဖို့ လုံခြုံရေးပေးဖို့တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြားမှာ KIA တပ်ရင်း ၁၉ အဖွဲ့တွေက ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၂ ရက်ရှိလာပြီလို့ ဆိုပါတယ်။

ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား တစ်နေရာထဲမှာပဲ ဒီဇင်ဘာလ ၁၄ ရက် နေ့လည် ၁၂ လောက်မှာ တစ်ကြိမ်၊ ၁၃ ရက်နေ့မှာ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တစ်ကြိမ် ၊ ၂ ရက်ဆက်တိုက် တိုက်ပွဲအချိန် ၁ နာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သူကဆက်ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာက အဲ့တစ်နေရာမှာပဲ ၂ ရက်လောက်ရှိပြီ။ သူတို့တက်လာလို့ KIA က တိုက်တဲ့အခါ ဒိန်ဂါရွာဘက်ကို ပြန်ပြန်ဆုတ်သွားတယ်။ ပြန်ထွက်လာတဲ့အခါ KIA က ပြန်တိုက်နဲ့ တိုက်ပွဲကအဲ့လိုနဲ့ ဖြစ်နေကြတာဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရိက္ခာသယ်ယာဉ်တန်းတွေကို ထွက်ခွာနိုင်ဖို့ရန်အတွက် ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်းကနေ လုံခြုံရေးယူပေးဖို့ စစ်အင်အား ၁၀၀ ကျော်နဲ့ ခယာဘက်ကနေ ၁၀၀ ဝန်းကျင်လောက် စုစုပေါင်း စစ်အင်အား ၂၀၀ ဝန်းကျင်လောက် လုံခြုံရေးယူလာပြီး လက်ရှိမှာ ဒေါ့ဖုန်းယန်ဘက်ခြမ်းမှာ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဘက်က ဒိန်ဂါ အထက် နားလုံ၊ ခယာ လမ်းကြောင်းတစ်လျှောက်တွေမှာ စစ်အင်အား အလုံးအရင်းနဲ့ လုံခြုံရေးရယူထားပြီဖြစ်တာဖြစ်တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ ဒေါ့ဖုန်းယန်ဘက်ခြမ်းမှာ ရအောင်သွားလာနိုင်အောင် လုပ်ဆောင်လာနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဒေါ့ဖုန်းယန် တပ်စခန်းမှာ ရောက်ရှိနေတဲ့ စစ်ရိက္ခာသယ်ယာဉ်တန်း အစီး ၃၀ လောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကနေ မန္တလေးဘက်ကနေ နှစ်ကြိမ်ထက်မနည်း ရေကြောင်းနဲ့ တင်ပို့ထားတဲ့ စစ်ရိက္ခာတွေဖြစ်ပြီး စက်တင်ဘာလထဲမှာ ဒေါ့ဖုန်ယန်အထက်ဘက်ကို ထွက်ခွာလာစဉ် ခလားမှာ ၃ ရက်လောက် KIA ရဲ့ခုခံတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ယာဉ်တန်းအဖွဲ့လည်းဖြစ်ပါတယ်။

တိုက်ပွဲနယ်မြေဖြစ်တဲ့ KIO လိုင်ဇာအနီး နမ်ဆန်ယန်ဘက်မှာ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား တိုက်ပွဲတွေ စတင်ပြင်းထန်လာတဲ့နောက်ပိုင်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းကို ယနေ့အထိ ၆ လလောက်အကြာပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဘက်နေ စစ်ရိက္ခာတွေ တင်ပို့ခွင့်မရဘဲ ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ စစ်ရိက္ခာတွေပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီတပ်ဟာ တစ်ဖန်စစ်ရိက္ခာတွေကို တင်ပို့ နိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်လောက်ကနေ ပိတ်ဆို့ခံထားရတဲ့ စစ်ယာဉ်တန်းထွက်ခွာနိုင်ဖို့ ကြိုးစားလုပ်ဆောင်တာဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတွေကပြောပါတယ်။

KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီး နမ့်ဆန်ယန်ဘက်ကို စစ်တပ်ကအထိုင်ချခြေကုပ်ယူနိုင်ဖို့အတွက် ကြိုးစားနေတာ ခုဆိုရင် ၆ လလောက်ရှိလာပြီဖြစ်ပြီး နှစ်ဖက်ထိတွေ့ မကြာခဏ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ်(ဟူးကောင့်)

Show More

Related Articles

Back to top button