သတင်း

ဝိုင်းမော်မှာ အချိန်မှီ စပါးမရိတ်သိမ်းနိုင်တဲ့ အခက်အခဲဖြစ်ပေါ်နေ

ဝိုင်းမော်မြို့မှာ လုပ်သားရှားပါးတဲ့ အခက်အခဲတွေကြောင့် တောင်သူတစ်ချို့ အချိန်မီ စပါးမရိတ်နိုင်ဘဲ စပါးအမှည့်လွန် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

တောင်သူတွေအနေနဲ့ လုပ်သားအလုအယက်ငှားနေရတဲ့အပြင် ရိတ်ခြွေ လုပ်ခကိုလည်း အရင်ထက်အခကြေးပိုပေးကာ ဌားရမ်းနေရတယ်လို့ မိုင်ဘောင်ဒွမ် ဒေသခံ တောင်သူတစ်ဦး က ပြောပါတယ်။

အရင်က ကျွန်တော်တို့က အောက်ပိုင်းက သူတွေကိုဘဲ စပါးရိတ်ဖို့ အားကိုးကြတာလေ၊ ပြီးရင် သူတို့က မြန်လည်း မြန်တယ်လေ၊ ဒီနှစ်ကသူတို့တွေလည်း မရောက်တော့ဘူး၊ စစ်ကိုင်းဘက်ကဆို မလာသလောက်ရှိသွားပြီ၊ အဲ့လိုတွေကြောင့် ရှိတဲ့သူတွေကိုဘဲ အလုအယက်ငှားကြပြီလေ အဲ့တာတွေကြောင့် စပါးရိတ်ခတွေလည်း ဈေးကြီးလာတာပေါ့လို့ပြောပါတယ်။

အရင်နှစ်တွေမှာ ရိတ်ခအနေနဲ့ တစ်ဦးမှာ တစ်ရက် ၁ သောင်းပေးရပေမယ့် အခုနှစ်မှာတော့ ၁သောင်းခွဲကနေ ၂ သောင်းခွဲထိရှိနေပြီး လယ်တစ်ဧကကို ၁ သိန်းခွဲထိ ရှိနေတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့မှာ ရိတ်ချွေစက်  ၅ ခု လောက်သာရှိပြီး အလုအယက်ငှားနေရတာကြောင့် အခုချိန်ထိ စပါးမရိတ်သိမ်းနိုင်သေးတဲ့ လယ်ရှင် အများအများကျန်ရှိနေသေးတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ရိတ်ချွေစက်ငှားပြီး လုပ်မယ်ဆိုရင်လည်း အဲ့တာက ၅ ခုဘဲရှိတာလေ၊ အဲ့တာကို စောင့်နေရင်က တစ်ဖက်မှာလည်း စပါးတွေပိုပြီး အမှည့်လွန်သွားမှာ၊ ဟို ဆယ်မြောင်းဘက်ဆိုရင် ကားလမ်းမ ရှိတဲ့ဘက်ဘဲ လုပ်ပြီးသေးတာ ကျန်တဲ့ အထဲဘက်က ယာခင်းတွေဆိုရင် မလုပ်ရသေးဘူး အများကြီးကျန်နေသေးတယ်လို့ ဆိုပါတယ်။

အရင်နှစ်တွေမှာ ဒီဇင်ဘာလဆန်းပိုင်းဆိုရင် စပါးရိတ်သိမ်းသိမ်းပြီး ရောင်းချဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ဒီနှစ်မှာတော့ အခုချိန်ထိ စပါးရိတ်ဖို့ စောင့်နေတုန်းလို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း စက်သုံးဆီတွေမြင့်တက်နေတာကြောင့်တောင်သူတွေအနေနဲ့ ရတဲ့စပါးဈေးနဲ့ သွားလာရေးစရိတ်က ကာမိရုံလောက်ဘဲဖြစ်တာကြောင့် ဒီနှစ်တော့ အမြတ်သိပ်မကျန်လောက်ဘူးလို့ တောင်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

ဝိုင်းမော်မြို့တွင်းနဲ့ နီးတဲ့ နေရာတွေမှာ စပါးရိတ်ချွေတာ ပြီးသလောက်ရှိနေပေမဲ့ မြို့နဲ့ဝေးတဲ့ နန့်ဇော်၊ ဂါဒူ၊ နောင်ယန်၊ မိုင်ဘောင်၊ နောင်ခီ ဘက်က စပါးရိတ်ဖို့ အများဆုံး ကျန်နေသေးတယ်လို့ သိရပါတယ်။

By – BUBU

Show More

Related Articles

Back to top button