သတင်း

မူဆယ် ၁၀၅ အနီး လေကြောင်းပစ်ခတ်မှုဆက်တိုက်ရှိနေဆဲ

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်ကို ညီနောင်မဟာမိတ်ဘက်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မူဆယ်မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုံရှိ စစ်တပ်ကုန်းကို ညီနောင်မဟာမိတ်တွေဘက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်က ၃ ရက်ဆက်တိုက်လေယာဉ် လာရောက်ပစ်ခတ်နေဆဲဖြစ်တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

လေယာဉ်နဲ့အပြင်းအထန်လာပစ်တာ။မနေ့ညလည်း လေယာဉ် ၂ စီးနဲ့ ဗုံးအတကုန်လာကြဲပြီး နမ့်ခမ်းဘက်ပြန်ဆင်းသွားတာ။ ဒီနေ့ရော မနေ့က နေ့ခင်းပိုင်းရော သေနတ်သံတွေတော့ ပြန်မကြားရဘူး။ ဒါပေမဲ့ လေယာဉ်နဲ့ တော့ဆက်တိုက်တက်တာပေါ့တယ်။ အဲ့ဒီသိမ်းခံရတဲ့နေ့ဆို လေယာဉ် ၇ စီးလောက်နဲ့ အကြီးအကျယ်တဒုံးဒုံးနဲ့ ဗုံးလာကြဲတာလို့ပြောပါတယ်။

ဒီဇင်ဘာ ၁၅ နဲ့ ၁၆ နှစ်ရက်ဆက်တိုက် စစ်တပ်က တစ်နေလုံးနီးပါး လေယာဉ်နဲ့ ဆက်တိုက်လာပစ်တဲ့အပြင် ဒီဇင်ဘာ ၁၈ ရက် မနေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ စစ်တပ်လေယာဉ် ၂ စီးနဲ့တက်လာပြီး မူဆယ်အနီးတဝိုက် ပေါင် ၅၀၀ တန် ဗုံး ၃ လုံးခန့် လာရောက်ကြဲချသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၀၅ မိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူဆယ်မြို့ထဲသို့ ထွက်ပြေးသွားကြတာရှိသလို ညီနောင်မဟာမိတ်တွေအနေနဲ့ ၁၀၅ မိုင်တစ်ဝိုက်နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသေးတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

၁၀၅ မိုင်စစ်တပ်ကုန်းက စစ်သားတွေက မူဆယ်ထဲကို ထွက်ပြေးဝင်လာတာတွေရှိတော့ ဟိုဘက်ကလည်း လိုက်လံပစ်ခတ်တိုက်ခိုက်ပြီး မူဆယ်မြို့ပြင်တဝိုက် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသေးတယ်။ အခုက ၁၀၅ မိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နေရာယူ ထိန်းချူပ်ထားလိုက်ပြီ။ ဒါပေမဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတာပေါ့။ လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

၁၀၅ မိုင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့တင့်ကား ၂ စီးနဲ့ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိ‌ကြောင်း ညီနောင်မဟာမိတ်က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်တွေဘက်က ၁၀၅ မိုင်စစ်တပ်ကုန်းကို ၁ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ် ခုခံခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်အမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ညီနောင်မဟာမိတ်တွေဘက်က ၁၀၅ မိုင်ပြီးနောက် နမ့်ဆန်မြို့ကိုပါသိမ်းပိုက်လိုက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ညမှာတော့ နမ့်ခမ်းမြို့ကိုလည်း အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သလို ၁၀၅ မိုင် နဲ့ ခိုမုန်းကြားနေရာတောက်လျှောက် ညီနောင်မဟာမိတ်တွေ နေရာယူထားပြီဖြစ်ပြီး မူဆယ်အနီးတဝိုက်စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေပြီး စစ်ရေးတင်းမာနေကြောင်း သိရပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာစစ်တပ်စခန်းနဲ့ နမ့်ခိုင်စစ်တပ်စခန်းတွေမှာလည်း စစ်တပ်ဘက်က စစ်အင်အားတွေ ဖြည့်တင်းနေပြီး စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button