သတင်း

မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေဆဲ

စစ်တပ်‌ လေကြောင်းနဲ့ ဗုံးကျဲ‌နေသဖြင့် ဒေသခံတစ်ချို့‌ပိတ်မိနေ

ကချင်ရှမ်းအစပ် မိုးမိတ်မြို့မှာ ဒီကနေ့မနက် ကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော် KIAKPDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံတစ်ချို့ပိတ်မိနေတယ်လို့ မိုးမိတ်ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၅ နာရီလောက်ကနေ မိုးမိတ်မြို့အဝင်မှာရှိတဲ့ ဗျူဟာတပ်စခန်းနဲ့ မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို KIA,PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး မြို့ပတ်ပတ်လည် တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် မြို့ခံအများပိုင်းက မြို့ထဲ မိမိနေအိမ်တွေမှာ ပိတ်မိနေကြတာလို့ မိုးမိတ်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

ဟုတ်တယ်ရှင့် အပြင်မထွက်ရဲကြဘူး ပတ်ချာလှည့်ပစ်နေတာ။ပုန်းကျင်းထဲမှာပဲအကုန်ဝင်နေကြတယ်ရှင်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်းလည်း လာရောက်ပစ်ခတ်တာရှိပေမယ့် ထိခိုက်တဲ့အခြေနေတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

စစ်တပ်က ခုလည်းလာကျဲနေတုန်း မြို့ထဲကျတာတင်တယ် အသေးစိတ်တော့ အပြင်ထွက်မရလို့ မသိရဘူးလို့ပြောပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး လက်ရှိချိန်အထိ အသေးစိတ်မသိရသေးပေမယ့် ဒေသခံတွေပြောတာကတော့ KIA,PDF ဘက်က မြို့သိမ်းတိုက်ပွဲဆင်နွှဲလာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ရင် ၃၄ တပ်ရင်းနဲ့ မဟာမိတ် ရှမ်းမြောက် ABSDFကျောင်းသားတပ်မတော်၊KPDF ပူးပေါင်းတပ်ဖွဲ့တွေကနေ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၁၁ ရက် အထိ စခန်း ၂ ခု သိမ်းထားပြီးဖြစ်ပါတယ်။

အဲဒီတပ်စခန်း ၂ ခုဟာ မိုးမိတ်မြို့နယ် ကမန်ပတ်ကျေးရွာ ဘုရားတောင်ကုန်းထိပ်မှာစခန်းချ တပ်စွဲထားတဲ့စခန်းနဲ့ အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ထားပါတယ်။

မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မံစီမြို့နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကချင်၊ပလောင်၊ရှမ်း၊ဗမာလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ နေရာဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button