သတင်း

ကားမိုင်းဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လဝါးဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

လဝါးဒေသခံ တစ်ဦးဖမ်းဆီးခံရ

ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် လဝါးဒေသခံ အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့သူဟာ အသက် ၅၀ နှစ်အရွယ် ဦးအင်ခွန်ဇော်လွန်(N-hkum Zau Lawn) ဆိုသူဖြစ်ပြီးတော့ လဝါးကနေ ကားမိုင်းဘက်ကို လာတဲ့လမ်းတစ်ဝက်မှာ ကားမိုင်းဗျူဟာကုန်းကနေ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“ဒဏ်ရာရသွားတဲ့သူက အရင်က ကားမိုင်းမှာနေခဲ့ပြီး လဝါးဘက်ကို ပြောင်းသွားတဲ့သူဖြစ်တယ်။ လဝါးကနေ ကားမိုင်းဘက်ကို လာတဲ့လမ်းမှာ လက်နက်ကြီးကျတဲ့ ကွက်တိဖြစ်သွားတာ ပေါင်တစ်ဖက်ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။

လက်နက်ကြီးစ ထိမှန်ခဲ့တဲ့ ဦးအင်ခွန်ဇော်လွန်ရဲ့ ဘယ်ဖက်ပေါင်တစ်ဖက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် မြစ်ကြီးနားဆေးရုံးကို ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။

ဒါ့အပြင် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဦးအင်ခွန်ဇော်လွန်နဲ့အတူ လိုက်ပါလာတဲ့ ဦးဂျန်မော်နောင်လတ် ဆိုသူကိုလည်း ကာားမိုင်းပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတွေမရှိပေမယ့် ကားမိုင်းစစ်တပ်ကုန်းကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက် လဝါးကျေးရွာဘက်ခြမ်းကို လက်နက်ကြီး လက်နက်ငယ်အပါ နာရီဝက်အကြာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သူကဆက်ဆိုပါတယ်။

“ဘာတိုက်ပွဲဖြစ်တာလည်းမရှိဘူး။ စစ်တပ်ကုန်းကနေ တမနက်လုံးပစ်နေတာ။ လက်နက်ကြီးက ၁၀ ကြိမ်လောက်ရှိတယ်။ သေနတ်သံက ရေတွက်လို့တောင်မရဘူး။ ဘာလို့ပစ်မှန်းမသိဘူး။ ဘာသတင်းတွေကြားမှန်းမသိဘူး။ သူတို့က လုံခြုံရေးကြောင့်လို့ပြောတာပဲ”လို့ပြောပါတယ်။

ဖားကန့်သွားလမ်း လဝါးနဲ့ ကားမိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီဘက်ကနေ ပြည်သူလူထုရှိတဲ့ ဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်တာဖြစ်တယ်လို့ ကားမိုင်းဒေသခံတွေကပြောပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ အကြောင်းမဲ့ လက်နက်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကားမိုင်းနဲ့ လဝါး ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာတယ်လို့ ထင်မှားပြီး ထိတ်လန့်မှုဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button