တိုက်ပွဲသတင်း

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။

အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ တစ်လကျော်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့ အပြီးသတ်သိမ်းယူနိုင်တာဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက KNG ကို ခုလိုပြောပါတယ်။

နမ့်ဖတ်ကာအထိုင်တပ်စခန်းကို ဒီညနေ ၃ နာရီနဲ့ ၄ နာရီဝန်းကျင်မှာ သိမ်းလိုက်နိုင်ပြီဆိုတဲ့အကြောင်း သတင်းရရှိထားပြီဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသေးတာကြောင့် အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းသိမ်းပိုက်ထားနိုင်ပြီဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သတင်းထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ မှိုင်းထောင်ထားတဲ့အခြေနေကြောင့် KIA ဘက်က ခနတပ်ဆုတ်ခဲ့ရတာလို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း လာပစ်ကူတဲ့ စစ်တပ်ရဲ့တိုက်လေယာဉ်တစ်စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်တိုက်ပြင်းထန်ခဲ့ရာကနေ ဒီကနေ့ အပြီးသတ်သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာတိုက်ပွဲ တစ်လအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် အရပ်သားပြည်သူ ၁၀ ထက်မနည်းလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button