ဖမ်းဆီးခံရမှုသတင်း

ဗန်းမော်မှာ အရပ်သားအယောက် ၁၀၀ ဝန်းကျင်ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ထဲမှာရှိတဲ့ ကမ်းနားဈေးတစ်လျှောက် စျေးရောင်းနေသူတွေအပါအဝင် အရပ်သားပြည်သူအယောက် ၁၀၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံဒေသဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့ မနေ့ညနေ  နာရီဝန်းကျင်လောက်မှာ ဗန်းမော်မြို့ ကမ်းနားဈေး နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာရှိနေတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်ဘက်က အကြောင်းမဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ကမ်းရိုးတန်း အရှည်ကြီးလေ၊ ကန်းနားတစ်လျှောက် ဟိုးဘက်ထိပ် ဒီဘက်ထိပ် ဟိုထောင့် ဒီထောင့်အကုန်လမ်းတွေပိတ်ထားတော့ အကုန်လုံးမမြင်ရဘူး ဈေးထဲက ဈေးသည်တွေကိုလည်းဖမ်း မိန်းကလေးတွေကိုတော့ ချန်ထားတယ် ယောကျ်ာလေးတွေ အကုန်လုံးကို ဖမ်းသွားတာလို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကား၊ ရဲကား၊ အိမ်စီးကားအပါအဝင် လူအင်အား ၇၀ ဝန်းကျင်နဲ့လာရောက်ဖမ်းခေါ်သွားတဲ့ချိန် တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ရပ်ကွက် အသီးသီးမှာရှိတဲ့  လောင်းကစားဝိုင်းတွေမှာလည်း လိုက်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိချိန် ဖမ်းဆီးခံရသူတွေများတာကြောင့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရသေးသလို ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုလည်း အသေးစိတ်မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။ 

ဖမ်းခံထားရတဲ့ မိသားစုဝင်တစ်ယောက်ကိုမေးကြည့်တာ ဘယ်လိုလိုက်ရမလဲ မသိကြဘူးတဲ့။ များသောအားဖြင့်က စကခ ၂၁ ကို ခေါ်ကောင်းခေါ်နိုင်တယ် ဒါမှမဟုတ်ရင်လည်း ဗန်းမော် စရဖ ရုံးမှာက ခေါ်ပြီး စစ်တာတွေမေးတာတွေလုပ်တာတွေရှိတော့ ဘယ်မှာခေါ်သွားမလဲပေါ့ ဒီလောက်လူကအများကြီးဆိုတော့လေ ဖမ်းသွားတဲ့ထဲကတစ်ချို့တော့ သိတယ် တရုတ်တန်းက ရွှေလင်းယုန်စက်ပစ္စည်းဆိုင်လည်း ပိုင်ရှင်လည်းပါသွားတစ်ယောက်မှမလွတ်လာသေးဘူး” လို့ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း စစ်တပ်ကကမ်းနားစျေးတစ်လျှောက် သေနတ်ပစ်ခတ်တာတွေရှိတဲ့အတွက် လူသွားလူလာမရှိသလောက်ဖြစ်နေတဲ့အပြင် စစ်ကောင်စီတပ်တွေဟာ ခွန်သာရပ်ကွက်အပါအဝင်ရပ်ကွပ်တစ်ချို့မှာ ကင်းပတ်တာတွေလုပ်နေသေးတယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့မှာ မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် စစ်တပ်ဘက်က လက်နက်ပစ်တာတွေ၊ ကမ်းနားဈေးတစ်ဝိုက် အဆောက်အအုံ၊ ဘုန်းကြီးကျောင်းတွေမှာ အရပ်ဝတ်တွေ၊ ယူနီဖောင်း ဝတ်တွေနဲ့ ကင်းပုန်းဝပ်တာ ကင်းစောင့်တာတွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့လည်း သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button