စစ်ပြေးဒုက္ခသည်များသတင်း

နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဝင်အထွက် လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲကြောင့် တိမ်းရှောင်လိုတဲ့ ဒေသခံထောင်ချီ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နန့်မွန်းမြို့ထဲ ပြည်သူ့စစ်တပ်ဖွဲ့တည်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားလာပြီး မနေ့ညနေပိုင်းမှာတော့ နန့်မွန်း စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါကြောင့် နန့်မွန်းမြို့ထဲမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေက ဟိုပင်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ရန်ပြင်ဆင်နေပေမယ့် စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်တယ်လို့ နန့်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

ပြည်သူတွေက မနေ့ကနေ နန့်မွန်မြို့ထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဟုတ်တယ်။ ဒီကနေ့မှာလည်း ကျန်ရှိနေသေးတဲ့ ပြည်သူတွေ ပြန်ထွက်ဖို့လုပ်နေပေမယ့် စစ်တပ်က လမ်းတွေကို အကုန်ပိတ်လိုက်တယ်။ အဲ့ကြောင့် ထွက်လို့မရပဲ ပိတ်မိနေသလိုဖြစ်နေကြတယ်။ မနေ့က ဒီကနေ ထွက်သွားနိုင်တာက ရာဂဏန်းပဲရှိတာ။ ထောင်ဂဏန်းကျန်နေသေးတယ်။ အားလုံးက ဒီကနေ ထွက်ချင်ကြတယ် ထွက်လို့မရဘူးဖြစ်နေတယ်လို့ပြောပါတယ်။

နန့်မွန်းမြို့ထဲမှာ ရပ်ကွက်ကြီး ၄ ခုရှိပြီး ထွက်ခွာဖို့ပြင်ဆင်နေကြတဲ့ ဒေသခံပြည်သူ ထောင်ချီက နန့်မွန်းမြို့တွင်း ဘုန်းကြီးကျောင်း၊ ဘုးရားကျောင်း နဲ့ အနီးတဝိုက်တောတွင်းနေရာတွေမှာ အထုပ်အပိုးတွေနဲ့ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ပိတ်မိနေတဲ့ နန့်မွန်းဒေသခံပြည်သူတွေအနေနဲ့ ဘေးကင်းစွာထွက်ခွာလာနိုင်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုနေကြပါတယ်။

အခုလို နန့်မွန်းမြို့တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင်ဖို့ လိုအပ်လာတဲ့ကိစ္စရပ်အပေါ် နန့်မွန်းဒေသခံအမျိုးသားက ဆက်လက် ပြောပြပါတယ်။

အခုဒီမှာက အခြေအနေက ဒီထက်ပိုဆိုးဖို့ပဲ ကျန်တော့တယ်။ ဒီကနေ့ ကစပြီး လမ်းတွေလည်း ပိတ်လိုက်ပြီဆိုတော့ KIA ဘက်ကနေ အချိန်မရွေးပြန်ပစ်လာနိုင်တဲ့ အခြေအနေမှာရှိတယ်။ နန့်မွန်မှာရှိတဲ့ စစ်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေ တစ်ညလုံးပစ်နေတာဟုတ်တယ်။ ပြီးရင် KIA ဘက်နေလည်း တစ်နေရာထဲမှာပဲ ရှိနေတာမဟုတ်တဲ့အတွက် လက်နက်ကြီးတွေအချိန်မရွေးကျလာနိုင်တယ်လို့ ပြောပါတယ်။

နန့်မွန်းမြို့မှာ အရင်ကတည်းက ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ရှိပေမယ့်ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ အင်းတော်ဘက်က နောက်ထပ် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဖွဲ့က ဝင်ရောက်လာပြီး ရှမ်းနီလူငယ်တွေကို တပ်သားသစ်စုဆောင်းရေး လုပ်ဆောင်လာတဲ့အတွက် KIA ဘက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နန့်မွန်းမြို့ရပ်ကွက် () ဓမ္မာရုံထဲမှာ တပ်စွဲနေထိုင်နေကြတဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေကို ည ၉ နာရီလောက်မှာ KIA က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် နန့်မွန်းမြို့ထဲမှာ KIA နဲ့ ပြည်သူ့စစ်အဖွဲ့တွေ မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ဘက်က အထိနာခဲ့တာကြောင့် ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီပြည်သူ့စစ်အဖွဲ့ဟာ မနေ့က တစ်ရက်ထဲမှာပဲ မြို့တွင်း လူနေအိမ်ရပ်ကွက်မှာ တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်တံခါးရိုက်ချိုးပြီး ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါ့အပြင် နန့်မွန်း ဒေသခံပြည်သူ ၂၀ လောက်လည်း ဖမ်းဆီးဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေရှိသလို ဖမ်းဆီးခံထားရတဲ့သူတွေကို နန့်မွန်း စစ်ဗျူဟာကုန်းမှာ ဖမ်းဆီးထားတယ်လို့ နောက်ထပ် နန့်မွန်း ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

မနေ့က ဖမ်းဆီးခံရတဲ့ သူတွေ အယောက် ၂၀ လောက်ရှိတယ်။ ဒါပေမယ့် တစ်ချို့က ပြန်လွတ်လာတဲ့သူတွေရှိပြီလို့ ကြားတယ်။ တစ်ချို့က အခုချိန်အထိ ပြန်မလွတ်ပေးသေးဘူး။ ပြန်ပေးဆွဲတဲ့ ပုံစံနဲ့ ပြန်လွတ်ပေးမယ်လို့ ကြားတယ်။ အရင် KIA က ဖမ်းဆီးသွားတဲ့ သူတွေကို ပြန်လွတ်ပေးရင် ပြန်လွတ်ပေးမယ်လို့ ကြားတယ်။ အခုတော့ ညှိနေကြဆဲလို့ပြောတယ်လို့ပြောပါတယ်။

တိုက်ပွဲပြင်းထန်လာတာကြောင့် နန့်မွန်းဒေသခံ ၃၀၀ ဝန်းကျင်လောက်က ဟိုပင်မြို့ပေါ်နေရာတွေမှာ သွားရောက်တိမ်းရှောင်နေကြပြီး သူတို့အတွက် အကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

နန့်မွန်းဒေသ ဖြစ်ပွားလာတဲ့စစ်ရေးပဠိပက္ခမှာ တိုက်ပွဲတစ်ခုတည်းမဟုတ်ဘဲ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့က ရှမ်းနီပြည်နယ်ရရှိရေး လှုံဆော်မှုနဲ့အတူ လူမျိုးရေးပဋိက္ခဖြစ်ပွား နှိုးဆော် ဖန်တီးနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button