သတင်း

ရှမ်းမြောက်မှာ KIA သိမ်းပိုက်ထားတဲ့ ကျေးရွာတချို့ကို မြို့ပြအဆင့် ပြောင်းလဲသတ်မှတ်

ရှမ်းမြောက်မှာ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာတစ်ချို့ကို မြို့ပြအဖြစ်ပြောင်းလဲသတ်မှတ်ပြီး မြို့အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အုပ်ချူပ်ရေး ယန္တရားစတင်ချမှတ်နေပြီလို့ KIO ဘက်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF  တပ်ပေါင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ မိုင်းမော်(နမ်ဟိုင်း) စတဲ့ကျေးရွာတွေကို မြို့ပြအဆင့်ပြောင်းလဲသတ်မှတ်ပြီး မြို့အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အုပ်ချူပ်ရေးယန္တရားတွေချမှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မြို့ပြလုပ်မယ်ဆိုတဲ့သဘောဖြစ်တယ် မြို့ဆိုတော့ ရဲတပ်ဖွဲ့တို့ ဌာနဆိုင်ရာအစုံရှိတာကို ဆိုလိုတယ်။ အုပ်ချူပ်မှုယန္တရားအားဖြင့် အရင်က ရဲတပ်ဖွဲ့မရှိရင် အခုရှိလာမယ် မြို့ဆိုတဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင်လုပ်ပြီး အုပ်ချူပ်ရေးယန္တရားပြုလုပ်မယ်ဆိုတာ ဟုတ်တယ်။ မြို့အဆင့်ပြောင်းလဲသတ်မှတ်လို့ရတဲ့ ရွာကြီးတွေကို မြို့အဖြစ်သတ်မှတ်လိုက်မယ်။ မြို့ရဲ့ အင်္ဂါရပ်နဲ့ကိုက်ညီတဲ့ ရွာကြီးတွေကို မြို့အဖြစ်အုပ်ချူပ်သွားမယ်ဆိုတဲ့ သဘောဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဦးစားပေးအနေနဲ့ နမ့်ဖတ်ကာကျေးရွာထဲမှာတော့ အုပ်ချူပ်ရေးရုံး၊ ရဲစခန်း၊ လူဝန်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံးနဲ့ အခြားလိုအပ်တဲ့ ရုံးပိုင်းဌာနဆိုင်ရာတွေကို စတင်နေပြီလို့ သိရပါတယ်။

နမ့်ဖတ်ကာမှာ KIO အုပ်ချူပ်ရေးယန္တရား နာယကနေရာမှာ နမ့်ဖတ်ကာဒေသခံ လူကြီး ၂ ဦး၊ တရုတ်လူမျိုး ၁ ဦး၊ ရှမ်းတိုင်းရင်းသားထဲက ၁ ဦး နဲ့ တအာင်း(ပလောင်)တိုင်းရင်းသားထဲက တစ်ဦး စသဖြင့် ဒေသခံတိုင်းရင်းသားအားလုံး ပါရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကျေးရွာနဲ့ ရပ်ကွက်ကော်မတီအဖွဲ့ မှာ လူ ၁၁ ဦးပါရှိပြီး အဲဒီထဲမှာလည်း ဒေသခံတိုင်းရင်းသား စုံလင်အောင် ထည့်သွင်းထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိပြောင်းလဲသတ်မှတ်လိုက်တဲ့ နမ့်ဖတ်ကာမြို့ထဲမှာ ရီးယန်၊ ဇီးဒဘန်၊ မနောင်ယန်၊ ဘတ်ဂျရော့ခ်၊ ဟူးကျီး စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ မြို့နယ်အရပ်ရပ်မှ လမ်းဆုံတဲ့နေရာ၊ အချက်အချာကျတဲ့ ကုန်သွယ်ရေးဇုံနေရာတစ်ခုဖြစ်သလိုကျေးရွာကြီးတစ်ခုဖြစ်ပြီး မြို့အဆင့်နဲ့ ကိုက်ညီတာကြောင့် အခုလို မြို့ပြအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း ဒေသခံတွေဘက်ကလည်း ပြောပါတယ်။

ရွာလည်းအရမ်းကြီးတယ်။ ပြီးတော့ နမ်ဖတ်ကာဟာ ပထဝီအနေအထားအရ မြို့အဖြစ်ကိုက်ညီတဲ့နေရာတစ်ခုဖြစ်တယ်။ အရင်က NLD အစိုးရခေတ်ကတည်းက ဒီနမ့်ဖတ်ကာကို တကယ့်စီးပွားရေးဇုံအဖြစ် ပြုလုပ်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်တယ်၊ မြေပြင်အနေအထားက ကုန်သွယ်ရေးဇုံတစ်ခုအဖြစ် ပြုလုပ်ရင် အရမ်းသင့်တော်တဲ့ နေရာတစ်ခုဖြစ်တယ်။ ၁၀၅ မိုင်တို့က နမ့်ဖတ်ကာလောက် မြေနေရာအနေအထားအဲ့လောက်မမိဘူး။ ဒီနမ့်ဖတ်ကာမှာက ဘယ်ဘက်က နယ်စပ်ကုန်ပစ္စည်းတွေဝင်လာဝင်လာ နမ့်ဖတ်ကာက လမ်းဆုံဖြစ်နေတာဖြစ်တယ်။ ဒီကနေမှ မြန်မာပြည် အနယ်အရပ်ရပ်သို့သွားနိုင်မှာဖြစ်တယ် လို့ နမ့်ဖတ်ကာအုပ်ချူပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ အိမ်ခြေ စုစုပေါင်း ၂၀၀၀ ခန့်ရှိပြီး လူဦးရေ ၃ သောင်းနီးပါးရှိ ပါတယ်။

နမ့်ဖတ်ကာနဲ့အတူ လားရှိုးနမ္မတူမြို့မန်တုံနမ့်ခမ်းလမ်းတစ်ကြောမှာ အရေးပါတဲ့ မိုင်မော်( Mungmaw ) ခေါ် နမ်ဟိုင်းရွာကိုလည်း လက်ရှိ မြို့ပြအဆင့်နဲ့ ကိုက်ညီတဲ့ အုပ်ချူပ်ရေးယန္တရားအင်္ဂါရပ်တွေကို ချမှတ်သွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အရင်အစိုးရခေတ်က ကွတ်ခိုင်မြို့နယ်ထဲပါရှိတဲ့ နမ့်ဖတ်ကာကျေးရွာနဲ့ မန်တုံမြို့နယ်ထဲက မိုင်းမော်(Mungmaw) နမ်ဟိုင်းကျေးရွာတွေဟာ KIO အစိုးရအောက် နမ့်ဖတ်ကာမြို့နဲ့ မိုင်းမော်(Mungmaw) နမ်ဟိုင်းမြို့တွေအဖြစ် ထပ်တိုးလာတာပဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button