ဖမ်းဆီးခံရမှုသတင်း

TNLA ဖမ်းဆီးထားတဲ့ ပန်ရှော်ရွာ အုပ်ချုပ်ရေးမှူး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ (Bangshau) အုပ်ချူပ်ရေးမှူးကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။

ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA တပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့ ည ၉ နာရီခန့်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒီကနေ့ဆို ၄ ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။

ဦးရှလောလွမ်းဒိုင်ကို TNLA တပ်ဖွဲ့က မိုင်းကျက်(Mungjat)စခန်းဘက် ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိချိန်ထိ ဘာ့ကြောင့် ဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ပန်ရှော်(Bangshau)ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန Kachin News Group(KNG) ကို အခုလိုပြောပါတယ်။

အခုနောက်ဆုံးသိရတာက ကျမတို့ရဲ့ကျေးရွာဥက္ကဌ ဦးရှလောလွမ်းဒိုင်ကို ကျမတို့တွေ့ဖို့ သွားတဲ့အချိန် TNLA က မတွေ့ခိုင်းဘူး။ မိုင်းကျက်က TNLA အထက်အရာရှိတွေနဲ့ မတွေ့ခိုင်းဘူး။ စကားပေးမပြောဘူး။ သူတို့ရဲ့ ဂိတ်မှတင် ပြန်ခေါက်ခိုင်းလိုက်တယ်။ သူဖမ်းခံရစဉ် သူ့ကိုလာခေါ်တဲ့ TNLA လူကြီးကို ဘာလို့ဖမ်းတာလဲ ဘာအပြစ်ရှိတာလဲ ဘာအမှုနဲ့ခေါ်တာလဲလို့ ကျမတို့ မေးစဉ်မှာတော့ ကျနော်လည်းမသိဘူး အထက်လူကြီးတွေခေါ်ခိုင်းတယ်ဆိုပြီး တစ်ခါတည်း မိုင်းကျက်(Mungjet) ကိုခေါ်သွားတာဖြစ်တယ်လို့ ပန်ရှော်(Bangshau) ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ကပြောပါတယ်။

ဒေသခံတွေပြောချက်အရ ဇွန်လ ၉ ရက်ည ပန်ရှော်ကျေးရွာအုပ်ချူပ်ရေးမှူးအိမ်မှာ ရွာကစာသင်ကျောင်းနဲ့ပတ်သက်ပြီး စည်းဝေးတစ်ခုပြုလုပ်ပြီးစီးပြီးနောက် ရွာလူကြီး ၄ ဦးနဲ့အတူရှိနေချိန် TNLA တပ်ဖွဲ့ ရောက်လာပြီး အိမ်ကိုရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့ကာ အုပ်ချုပ်ရေးမှူးဦးလွမ်းဒိုင်ကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရချိန် ရွာခံအမျိုးသားလူကြီး ၄ ဦးလည်း လိုက်သွားပြီး မိုင်းကျက်စခန်းကိုရောက်ချိန်မှာတော့ TNLA ဘက်က အဲဒီလူကြီး ၄ ဦးကို အဖိုးတို့၊ဦးလေးတို့ မလိုတော့ဘူး ပြန်တော့ဆိုပြီး ပြန်လွတ်လိုက်တယ်လို့ ပြောပါတယ်။  

လက်ရှိ TNLA ဖမ်းဆီးထားတဲ့ ကျေးရွာတာဝန်ရှိသူ ဦးရှလောလွမ်းဒိုင်ဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး အခုလို TNLA တပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ 

ရွာမှာ ကျောင်းကတော့ ဖွင့်နေပြီ။ သူတို့က ကျောင်းနဲ့ပတ်သက်တယ်လို့ ခေါင်းစဉ်လည်း မတပ်ဘူး ဘာမှမပြောဘူး။ သူ့အိမ်မှာရှာဖွေစစ်ဆေးရာမှာတော့ KIA ဘက်က သူ့ကို ဒီ Township တာဝန်ရှိသူဆိုပြီး ဝတ်ရုံပေးထားတာရှိတယ်။ အဲဒါလည်းသူတို့တွေ့တယ်။ ကျမတို့လည်းပြောထားတယ်။ သူဟာ KIO ရဲ့မြို့နယ် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်တယ်လို့ ပြောတယ်။ ဆိုတော့ သူတို့က စစ်ဆေးမေးပြီး ပြန်လွတ်ပေးမယ်ပဲပြောတယ်။ ကျမတို့လည်း ဘာကြောင့်ဆိုတာ အကြောင့်သိရအောင်နဲ့ အမြန်လွတ်အောင် လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်ဟုပန်ရှော်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

KIO တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေရှိ ပန်ရှော်(Bangshau) ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကချင်ရွာတစ်ရွာဖြစ်ပြီး KIO/KIA စတင်တည်ထောင်သူနဲ့ ပထမဦးဆုံး KIA ရဲ့ စစ်ဦးစီးချူပ်ဖြစ်သူ GOC လထော်ဇော်ဆိုင်း( GOC Lahtaw Zau Seng) ၏ ဌာနေရွာ ၊ အခြေချရာ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ဒီရွာမှာ အရင်စစ်တပ်ရှိချိန်တော့ အစိုးရအောက် အလယ်တန်းကျောင်းအဖြစ်ရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ဆရာ၊ဆရာမတွေ CDM များသွားတာကြောင့် ကျောင်းတွေပိတ်လိုက်ရကာ ပြီးခဲ့နှစ်ကစပြီး ကျေးရွာကော်မတီကျောင်းအဖြစ် ဆက်လက်ရပ်တည်ကာ ကျောင်းဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀‌‌၂၄– ‌‌၂၀‌၂၅ ပညာသင်မှာတော့ ကျေးရွာဒေသခံတွေ KIO အစိုးရကို အကူအညီတောင်းခံကာ KIO အစိုးရရဲ့ထောက်ပံ့မှုနဲ့ စာသင်ကျောင်းဆက်လက်ရပ်တည်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ပန်ရှော်ကျေးရွာမှာ ၆ တန်းအထိဖွင့်လှစ်ထားကာ ကျောင်းဆရာ၊ ဆရာမ ၉ ယောက် ၊ ကျောင်းသူ/သားပေါင်း ၁၀၀ နဲ့ ကျောင်း ဖွင့်လှစ်သင်ကြားနေတာ ၃ ပတ်လောက်ရှိပြီလို့ သိရပါတယ်။

အခုလို စာသင်ကျောင်းဖွင့်တာနဲ့ပတ်သက်ပြီး TNLA ဘက်က ပေါ်ပေါ်တင်တင် တရားဝင် ကျောင်းမဖွင့်ဖို့ တားဆီးပိတ်ပင်တာတွေတော့ မလုပ်ဘူးပေမဲ့ ကျေးရွာလူကြီးကို ဘာအတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

အခု အများခံယူသုံးသပ်နေတာက ရွာမှာ စာသင်ကျောင်းဖွင့်ဖို့ ဦးဆောင်စည်းဝေးခြင်းကြောင့် ရွာလူကြီးကိုဖမ်းတာလို့ ယူဆကြတယ်။ TNLA ဘက်ကတော့ ကျမတို့ကို တရားဝင် ကျောင်းမဖွင့်နဲ့ဆိုပြီး ပိတ်ပင်တားဆီးတာတော့မရှိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်တွေကတော့ ဒီမှာ အိမ်ခြံနဲ့ပတ်သက်ပြီး ပြဿနာဖြစ်တာတွေ ရှိတယ်။ ဆိုတော့ တစ်ယောက်ယောက်က TNLA ကို ဘယ်လိုတွေပြောပြီး ရွာလူကြီးကို လာဖမ်းဖို့ လျှောက်လိုက်တာလဲပေါ့။ ပြီးတော့ သူ့က လားရှိုးကို မကြာခဏ သွားလျက်ရှိတော့ သူ့ကို မသင်္ကကာ လို့ ဖမ်းတာလားပေါ့။အဲလိုခန့်မှန်းနေတယ်ဟုပန်ရှော်ဒေသခံက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်အဖွဲ့ကို ကချင်သတင်းဌာန KNG က ဖုန်းနဲ့ ၈ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့အရှေ့ဘက် မိုင်းကျက်စစ်ကောင်စီတပ်စခန်းကို TNLA က ဝင်ရောက်သိမ်းပိုက်လိုက်ပြီး အဲဒီဒေသကို ထိန်းချူပ်ထားတာဖြစ်ပါတယ်။

မိုင်းကျက်နဲ့ ပန်ရှော်(Bangshau) ကျေးရွာဟာ ဆိုင်ကယ်နဲ့ နာရီဝက်ခန့် သွားရတဲ့ အကွာအဝေးမှာတည်ရှိတယ်လို့ သိရပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဟာ ၎င်းတို့ သိမ်းပိုက်ထိန်းချူပ်ထားတဲ့ နယ်မြေတွေမှာ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး တချို့နေရာတွေမှာ လက်ရှိ စာသင်ကျောင်းတွေဖွင့်လှစ်ရေးကို တားဆီးပိတ်ပင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။  

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button