ပညာရေးသတင်း

CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ

ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။

ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ကချင်သတင်းဌာန Kachin News Group(KNG) ကို ပြောပါတယ်။

ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့  ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်းသားဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင်မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်းခန်းအခက်ကြုံနေရတယ်။ လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ကပ်ကာလနဲ့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ  KG ကနေ  တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp  က လွတ်တဲ့နေရာမှာနေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ်ကျောင်းဝင်းဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျမတို့ CEC ကျောင်းဖွင့်လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြားပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။ လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

CEC ကျောင်းမှာ ကျောင်းသားပေါင်း ၅၀၀ ခန့်နဲ့ ဆရာ၊ဆရာမပေါင်း ၃၀ ဝန်းကျင်ရှိပြီး ဇွန်လ ၁၀ ရက်နေ့ကစပြီး ကျောင်းဖွင့်နေပြီး ဒီကျောင်းမှာ လူမျိုးဘာသာမရွေး ဗမာ၊ ရှမ်း၊ ဂေါ်ရခါး၊ ပလောင်၊ ကချင် စတဲ့တိုင်းရင်းသားမျိုးစုံက ကလေးတွေအားလုံးကို လက်ခံတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ်ထဲက လူမျိုးဘာသာပေါင်းစုံက ကလေးတွေ အားလုံးတက်ရောက်သင်ကြားနေပြီလို့ ဆိုပါတယ်။

ကွတ်ခိုင်ဒေသထဲက ကလေးတွေ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကျောင်းရပ်နားလိုက်ရတဲ့ ကလေးတွေ အရမ်းများလာတော့ အဲဒီကလေးတွေ အားလုံးကျောင်းတက်နိုင်ရေး ရည်ရွယ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေးအားလုံး တက်ရောက်နိုင်အောင် ကျောင်းဖွင့်လှစ်လိုက်ရခြင်းဖြစ်တယ်။ TNLA  ဘက်ကတော့ အခြားလာပိတ်ပင်တာတွေ နှောက်ယှက်တာတွေတော့ မလုပ်ဘူး။ ကျောင်းနေရာတောင်းတာ မပေးတာကလွဲရင်ပေါ့။ လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်က ဆက်ပြောပါတယ်။

ဒေသခံတွေပြောချက်အရ CEC ကျောင်းအတွက်ကျောင်းနေရာကို အရင်ကကွတ်ခိုင်ခရစ်ယန်အသင်းတော်က ဖွင့်လှစ်ထားတဲ့ သာသနာကျောင်းကို ပေးဖို့ TNLA ထံတောင်းဆိုထားတာရှိပေမဲ့ ကျောင်းနေရာမပေးသေးဘူးလို့ ဆိုပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဟာ ကွတ်ခိုင်မြို့နယ် ကာလှိုင်ကျေးရွာမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ စာသင်ကျောင်းမှာ နေရာယူတပ်ချလိုက်ပြီး ကျောင်းမဖွင့်ဖို့ တားဆီးပိတ်ပင်နေတာတွေရှိနေတာဖြစ်ပါတယ်။

 အဓိက က ကလေးတွေရဲ့ပညာရေးကို အဓိကထားစေချင်တယ်။ နင်ခွင့်မတောင်းဘူး၊ ငါခွင့်မပေးဘူး ဒါမျိုးတွေမလုပ်ပဲ ကောင်းမွန်တဲ့လမ်းစဉ်၊ ကလေးတွေရဲ့ ရှေ့ရေးကို အဓိကတွေးပြီး ပိတ်ပင်တာတွေ မလုပ်စေချင်ဘူး။ ကျောင်းနေရာတောင်းတာလည်း ပေးစေချင်တယ်။ သူတို့သိမ်းထားတဲ့နေရာဖြစ်တာကြောင့် အားလုံးသူတို့ဟာဆိုပြီး သူတို့အခွင့်အောက်မှာရှိရမယ်ဆိုတာတွေ၊ အဲလိုစိတ်ဓါတ်မျိုးတွေက အရင် မအလစစ်ကောင်စီနဲ့ ဘာမှမထူးခြားပဲလို့ ပြောချင်တယ်။ မအလကိုတောင် မကြိုက်လို့တော်လှန်တာ အခုမအလနဲ့ မထူးခြားပဲဆိုရင်တော့ ဘယ်သူ့အတွက်မှမကောင်းဘူး။ အဲလိုလုပ်တာမျိုးတွေက မကောင်းဘူးလို့ပြောချင်တယ်။” လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ရှမ်းမြောက် နေရာတချို့တွေမှာ  ကလေးတွေရဲ ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းဖွင့်လှစ်သင်ကြားပေးနေတာတွေကို ဒေသကို သိမ်းပိုက်ထိန်းချူပ်ထားတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့က လိုက်လံ တားဆီးပိတ်ပင် တားမြစ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေနဲ့ ပြဿနာဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button