ဖားကန့်မှာ မြေစာပုံပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး

ဖားကန့်မြို့ မှော်စီဇာကျေးရွာမှာရှိတဲ့ သာယာကုန်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးတစ်ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီဝန်းကျင် သာယာကုန်းရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ အမျိုးသား ၄ ဦး ကျောက်တူးနေချိန် လုပ်ကွက်ရဲအထက်မှာရှိတဲ့ မြေစာပြိုလာတာကြောင့် တစ်ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“သေတာက တစ်ယောက်ထဲဗျ အပေါ်က မြေစာပုံပြိုကျပြီး ပိချသွားတာ ဒဏ်ရာရတဲ့သူတွေကိုတော့ ဖားကန့်ဆေးရုံပို့လိုက်ပြီလို့ သိရတယ်” လို့ ပြောပါတယ်။
မြေစာပိသေဆုံးတဲ့ အမျိုးသားဟာ အသက် ၁၇ နှစ်ဝန်းကျင်သာရှိသေးတယ်လို့သိရပြီး အမည်နာမအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီလုပ်ကွက်ဟာ မိုးရာသီကာလဖြစ်တာကြောင့် ကျောက်စိမ်းလုပ်ကွက်ပိတ်ထားတာဖြစ်ပြီး လုပ်ကွက်ပိတ်ချိန် ရေမဆေးရှာဖွေသူတွေက လက်ကျင်းနဲ့ဝင်ရောက်တူးရာကနေ ခုလိုမြေစာပိသေဆုံးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“သူကလက်ကျင်းနဲ့ဝင်တူးတာလို့ ပြောကြတယ် ခုက မိုးတွင်းဆိုတော့လေ အန္တာရယ်များတယ် အာ့ကြောင့် လုပ်ကွက်ကပိတ်ထားတာအဲချိန်ဝင်တူးကြတာလို့ ပြောတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မှာ နှစ်တိုင်းမိုးရာသီကာလရောက်လာချိန် လုပ်ကွက်မြေပြိုမှု မကြာခနဖြစ်ပွားနေပြီး ၂၀၁၅ ခုနှစ်ဒီဇင်ဘာလမှာ မြေစာပုံပြို ကျမှုကတော့လူပေါင်း ၁၁၄ ဦး အလောင်းသေဆုံးပြီး
၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာတော့ ဝှေခါကျေးရွာ ရပ်ကွက် ၆ ရှိ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ ကျင်းကမ်းပါး ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၇၂ ဦး အထိ စံချိန် တင်သေဆုံးခဲ့ပြီး ၅၄ ဦးဒဏ်ရာများရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပထမအများ ဆုံးစံချိန်တင်သေဆုံးမှုဖြစ်ခဲ့ပါတယ်။
By – CJ