သတင်း

KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို

ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့  KIO ဘက်က ပြောဆိုပါတယ်။

မိုင်းမော်နမ်ဟိုင်း(Mungmaw) နဲ့ မိုင်းဝီး( Mungwi) ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကနေ အရှေ့ဘက်ဘော်ဟိုကျန့် (Magwi Baw Bum) သတ္ထုတွင်းရှိတဲ့နေရာဘက် ကွေ့ဝင်တဲ့လမ်းပိုင်းကို  KIA ဘက်က လမ်းတူးကာဖျက်က်စီးတာ၊ သံဆူးကြိုးတွေထောင်တာအပြင် သစ်တုံး၊သစ်ပင်တွေနဲ့ တားဆီးတာတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ခုလို KIA ဘက်က လမ်းပိုင်းတွေသွားလို့မရအောင် ဖြတ်တောက်နေတာဟာTNLA တပ်သတ္တုထုတ်နေခြင်းကို တားဆီးဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ 

ကျနော်တို့က ဒေသခံပြည်သူတွေ အဓိက ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လမ်းကို အဲ့လို သံဆူးကြိုးထောင်တာတွေလုံး၀မပြုလုပ်ဘူး။ အခုဘော်ဟိုကျန့်(Magwi Baw Bum) ဆိုတဲ့နေရာက သူတို့ ကုမ္မဏီကားနဲ့ ကုမ္မဏီက လူတွေပဲ ဖြတ်သွားတဲ့လမ်းပိုင်းဖြစ်တယ်။ သူတို့ကိုက မထုတ်ယူနဲ့၊မတူးနဲ့လို့ အကြိမ်ကြိမ်ပြောနေတဲ့ကြားက သူတို့က လုပ်နေတာကြောင့် ကျနော်တို့က သံဆူးကြိုးတွေထောင်တာပဲမဟုတ်ဘူး သစ်ပင်တွေနဲ့လည်း ခုတ်လဲပြီးလမ်းပိတ်ထားပေးတယ်။ ဒါပေမဲ့ သူတို့က ဘတ်ဖော်တွေနဲ့ ကုတ်ရှင်းလိုက်တာတွေ၊ သူတို့မဖြတ်ဖို့ လမ်းတွေတူးဖောက်ပေးလိုက်လည်း၊ သူတို့က ဘတ်ဖောနဲ့ ပြန်ပြင်ပြီး ရအောင်ဖြတ်နေတာတွေ လုပ်နေတာပေါ့။ ပြည်သူတွေသုံးနေပြီး သွားလာနေလမ်းကို လုံး၀မလုပ်ဘူး။ မုံးမော်(မိုင်းမော်)နဲ့ မိုင်းဝီးကြားက လမ်းမဟုတ်ဘူး။ ဘော်ဟိုကျန့်သတ္တုတွင်းကနေ ဆင်းလာတဲ့ လမ်းကြောကို ဖျက်ဆီးခြင်းဖြစ်တယ်။လို့ မိုင်းမော်(Mungmaw)ဒေသ KIA တာဝန်ရှိသူတစ်ဦး က Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။

အဲဒီလမ်းပိုင်းဟာ မိုင်းဝီးနဲ့ မိုင်းမော်ကို ဆက်သွယ်တဲ့ လမ်းမဟုတ်သလို အများပြည်သူအဓိကသွားလာနေတဲ့ လမ်းပိုင်းမဟုတ်ပဲ သတ္တုတွင်းကနေ ဆင်းလာတဲ့လမ်း၊ ကုမ္မဏီကားနဲ့ လုပ်ငန်းခွင်လူတွေသာသွားလာနေတဲ့လမ်းပိုင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်း PSLF/TNLA ပြန်ကြားရေးဌာနနဲ့ အခြားသတင်းတိုက်တချို့မှာတော့ KIA ဟာ အများပြည်သူသွားလမ်းမှာ သံဆူးကြိုးထောင်တာတွေ လမ်းပိုင်းဖျက်ဆီးတာတွေပြုလုပ်နေတယ်လို့ သတင်းဖော်ပြထားသလို KNG က ဆက်သွယ်မေးမြန်းရာမှာလည်း ခုလိုပြောပါတယ်။  

အွိုင်လော နဲ့ မိုင်းဘော်လမ်းကြားမှာ အများပြည်သူ အသုံးပြုနေတဲ့ လမ်းတွေကို KIA ကမြှောင်းဖောက်တာတွေ၊ သံဆူးချောင်းတွေထောင်ထားတာတွေ ရှိပါတယ်။ အခုချိန်ထိ ဒီလမ်းကို ပြုပြင်တာမျိုး၊ ဖယ်ရှားတာမျိုးတွေ မရှိပါဘူး။ ဒီကိစ္စတွေက ပြေလည်သွားမှာပါ။ ဗဟိုတွင်းအချင်းချင်း ညှိနှိုင်းဆွေးနွေးသွားမယ် ပြန်ပြီးဖြေရှင်းသွားမယ်။ ဒါတွေက ဖြေရှင်းလို့ရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါကို လူထုတွေ စိုးရိမ်ဖွယ်ရာလည်းမရှိပါဘူး။လို့ PSLF/ TNLA ပြန်ကြားရေးတာဝန်ခံ  မလွေးရယ်ဦးက​ KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး မိုင်းမော်အနီး ဘော်ဟိုကန့်(Magwi Baw Bum) သတ္တုတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  တို့အချင်းချင်းကြား အငြင်းပွားမှု တင်းမာမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

ဒီသတ္တုတွင်းမှာ စစ်ကောင်စီရှိစဉ်ကတည်းက KIA ရဲ့အခွင့်အပါအဝင်သတ္တုတူးနေတာဖြစ်ပြီး လက်ရှိစစ်ကောင်စီမရှိတော့တဲ့အချိန်မှာတော့  TNLA က သတ္တုတူးနေတဲ့ လုပ်ငန်းရှင်တွေကို ငွေကြေး အဆမတန်တောင်းပြီး အခွန်ဆောင်ခိုင်းတာလို့သိရပါတယ်။

ဒါကို လုပ်ငန်းရှင်တွေဘက်ကလည်း အခြေအနေအမျိုးမျိုးကြောင့် အခွန်မဆောင်နိုင်တဲ့အတွက် TNLA ဘက်က စိတ်ကြိုက် သတ္တုထုတ်ယူနေတဲ့အပြင် လက်ရှိချိန်ထိ ဆက်တိုက်ထုတ်ယူနေတာကြောင့် KIA ဘက်က နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလက မန်တုံမြို့နယ်ရဲ့ အဓိကအရေးပါတဲ့ မိုင်းမော်နမ်ဟိုင်း(Mungmaw) ဒေသကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ္မတူနဲ့ မန်တုံမြို့ကို TNLA က ဝင်ရောက်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး အဲဒီနယ်မြေအတွင်း သွားလာလှုပ်ရှားနေတဲ့ KIA နဲ့ နယ်မြေအရေး အငြင်းပွားမှုပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button