နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။
“အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာ သုံးပုံတစ်ပုံလောက်က ဝမ်းလျှောနေကြတယ် အချို့ အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။
နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။
အင်ဂန်ကျေးရွာရောက်နေတဲ့ စစ်ရှောင်တွေနေထိုင်ဖို့အတွက် အဆောင်တွေဆောက်ထားပေမယ့်လည်း အိမ်သာနဲ့ ရေတွင်းတွေဆောက်လုပ်နေဆဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေမှာဘဲ လူခွဲပြီးနေနေကြတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကိုသာ သောက်ရေ၊သုံးရေအဖြစ်အသုံးပြုဖို့ ကျိုချက်ပြီးအသုံးပြုနေတဲ့ကြားက ဝမ်းပျက်ဝမ်းလျှောဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဝမ်းပျက်ဝမ်းလျှာ ရောဂါဖြစ်ပွားတာနဲ့ ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှ တော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အတွက် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် မြစ်ရေတွေကို ကျိုချက်လိုက်တဲ့အခါ ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့်လည်း ရေထဲမှာပါတဲ့ ဓာတုအဆိပ်ကိုတော့ မပျောက်ပျယ်နိုင်ဘူးလို့ ပြောပါတယ်။ အခုလို မြစ်ရေထဲမှာ ဓာတုအဆိပ်တွေ များပြားနေတာဟာ ရွှေတူးတဲ့အခါ အသုံးပြုတဲ့ ပြဒါးတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကောင်းမွန်ပြီး သန့်ရှင်းတဲ့သောက်ရေသန့်ကို ရရှိဖို့အတွက် ကျောက်မီးသွေး၊ကျောက်ခဲ ၊သဲကျောက်၊ သဲ နဲ့ဖွဲကြမ်းလို ဟာမျိုးတွေကို အသုံးပြုပြီး အနည်းဆုံး အဆင့် ငါးဆင့်လောက်ထိရေကို စစ်ထုတ်နိုင်ပါက ပိုပြီး အန္တရာယ်ကင်းနိုင်တယ်လို့ သူက အကြုံပြုပါတယ်။
ဒါအပြင် ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့ အခါတွေမှာလည်း အဓိကအားဖြင့် ရေဓာတ်ခမ်းခြောက်တာဖြစ်တဲ့ အတွက် ဓာတ်ဆားကိုအဓိက သောက်သုံးပေးပြီး ဓာတ်ဆားမရှိပါက ဆား၊ သကြားနဲ့ ရေကို အသုံးပြုလို့ ရတယ်လို့ သူက ဆက်ပြောပါတယ်။
“အဖျားမတက်ဘူးဆိုရင် အဓိကတော့ ဓာတ်ဆားရေ များများသောက်ဖို့ လိုတယ် ဒါမမဟုတ် အဖျားတက်ပြီး ဝမ်းလျှောပြီဆိုရင် သေချာပြီး ဗိုက်မှာ ပိုးဝင်တာ ဖြစ်တဲ့ အတွက် ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပြီး သေချာဆေးရုံမှာ ကုသဖို့ လိုတယ်”လို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုပါတယ်။
စစ်ရှောင်စခန်းတွေမှာ တစ်ပိုင်တစ်နိုင်ဆေးပေးခန်းတွေ ရှိနေပေမယ့်လည်း လူဦးရေများပြားတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ အရမ်းလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။
By – Hope