ပညာရေးသတင်း

စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။

KIA KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီးဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။

အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင်  ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်လို့ သူကပြောပါတယ်။

လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။

အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူးလို့သူကပြောပါတယ်။

အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊ မိုင်းနောင်၊ လုံးစန်း၊ ညောင်းပင် စတဲ့ကျေးရွာတွေထဲက ကျေးရွာနေပြည်သူ ထက်ဝက်စီလောက်က လေကြောင်းရန်နဲ့ တိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်နေရတဲ့အတွက် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်သားတွေနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာလက်ရှိလုံးတုံ၊ နန့်မွန်းမြို့ထဲက ဘုရားကျောင်းနေရာတွေ မှာတပ်စွဲထားတာကြောင့် KIA နဲ့ KPDF တပ်တွေနဲ့စစ်ရေးတင်းမာနေတာဖြစ်ပြီး မနေ့ကလည်း ည၈နာရီမှာ နန့်မွန်းဘုရားကျောင်းထဲက စစ်ကောင်စီတပ်တွေဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။

အင်းတော်ကြီးဝှေခါကားလမ်းပိုင်းထဲက ညောင်းပင်နဲ့ဝှေလုံစစ်ကောင်စီတပ်စခန်းနှစ်ခုကို KIAKPDF ပူးပေါင်းတပ်တွေကဇွန်လ ၂၃ ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီး အင်းတော်ကြီးအနောက်ဘက်က ချောင်းဝစစ်တပ်စခန်းကိုလည်းဇွန်လ ၂၄ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button