သတင်း

နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။

ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။

လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီ​ဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့  ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီလို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။

ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။ 

ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲလို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။

မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊ စားသောက်ကုန်တွေကို မြစ်ကြီကြီးနား လေဆိပ်ကနေ ပူတာအိုလေဆိပ်အထိ တစ်ကီလိုကျပ် ၁၈ဝဝဝ ပေးပြီးတင်နေရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိပူတာအိုမြို့ပေါ််မှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကျပ် ၂ဝဝဝ၊ ဆားဆီတစ်ပိသာ ကျပ် ၄ဝဝဝဝ၊ ဆားတစ်ထုပ် ကျပ် ၅ဝဝဝ၊ ရွှေဝါဆပ်ပြာခဲ တစ်ခဲကျပ် ၃ဝဝဝ အထိဈေးတက်နေပြီးအခြားကုန်တွေလည်းအလားတူဈေးမြင့်တက်ကာ စက်သုံးဆီခက်ခဲတဲ့ပြဿနာကိုလည်းဒေသခံတွေကြုံတွေ့နေရပါတယ်။

ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်လို့ကုန်တွေဝင်လာနိုင်ပေမယ့် လက်ရှိ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းပိတ်ထားတာကြောင့် မြစ်ကြီးနားမြို့တွင်းမှာ မှာကုန်စျေးတွေတက်နေလို့ ပူတာအိုဒေသမှာလည်းအလားတူကုန်စျေးတက်နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။

ပူတာအိုမြို့ဟာ ကချင်ပြည်နယ်အထက်ပိုင်းမှာရှိပြီး မြစ်ကြီးနားကနေ မိုင် ၂၁၈ အကွာမှာရှိတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button