ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့ ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။
စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။
ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။
“ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။
အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။
စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။
ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။
သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။
By – အမိုး