မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ
ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ မနေ့ညပိုင်းကစလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှာ ရပ်ကွက်တာဝန်ရှိသူတွေကို သန်းခေါင်းစရင်းတွေ လိုက်လံကောက်ခံခိုင်းနေပြီဖြစ်တယ်လို့ ဂျန်မိုင်ကောာင်ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ရက်ကွက်တချို့မှာတော့ စက်တင်ဘာ ၃၀ ရက်နေ့ညကစပြီး စကောက်နေပြီ။ အများပိုင်းကတော့ ဒီနေ့ညမှလိုက်ကောက်နေတယ်။ စစ်တပ်က အုပ်ချူပ်ရေးမှူးတွေကို စာရွက်တွေပေးထားတယ်။ အုပ်ချူပ်ရေးမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စရင်းဖြည့်ဖို့ စာရွက်လိုက်ပေးတယ်။ ပြန်ဝင်ယူမယ်နော် ဆိုပြီး တစ်အိမ်ကို စာရွက် ၂ ရွက်စီ လိုက်ပေးတယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ညွှန်ကြားမှုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စရင်းစကောက်ခံခဲ့တာဖြစ်ပြီး မနေ့ညအထိ ရပ်ကွက်အားလုံးနီးပါးမှာ လိုက်လံကောက်ခံနေပြီလို့ ဆိုပါတယ်။
သန်းခေါင်စာရင်းအတွက် နာမည်တွေဖြည့်စွက်ဖို့ စာရွက်တွေကို ရပ်ကွက်၊နယ်မြေမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပေးထားပြီး ပြန်ဝင်ယူတဲ့ပုံစံနဲ့ လိုက်လံကောက်ပေးနေတာလို့ သိရပါတယ်။
အဲဒါအပြင် သန်းခေါင်စရင်းကောက်ခံဖို့ ပညာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက တာဝန်ပေးအပ်ထားကြောင်း ဆက်လက်သိရပါတယ်။
“တစ်နှစ်မဟုတ် တစ်နှစ်တော့သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ အခုက ကချင်မှာဆို အကြပ်အတည်းပိုဖြစ်လာတော့ သူတို့လည်း တစ်ဖက်မှာ ရွေးကောက်ဖြစ်အောင်တော့ ကြိုးစားနေတာတွေ့ရတယ်။ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုလည်း ဖိအားပေးတာတွေရှိနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေမှူးတွေ၊ ဆရာ၊ဆရာမတွေ လုပ်သာလိုက်လုပ်ပေးနေတာ သူတို့လည်းလုံခြုံရေးကိုက စိုးရိမ်ရနဲ့ ဖြစ်နေတယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်နယ်မြေမှူးတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတွေလည်းရှိပါတယ်။
By – ဂျာဘောက်ရာ