ရွေးကောက်ပွဲဆိုင်ရာသတင်း

ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းကတည်းကစတင်လို့ ကသာမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်သားတွေအပါအဝင် ရဲတပ်ဖွဲ့တစ်ချို့လုံခြုံရေးယူကာ သန်းခေါင်စာရင်းစတင်ကောက်ခံနေတာဖြစ်ပြီး ကသာမြို့နယ် ရပ်ကွက် ၅ ဘက်ခြမ်းမှာနှစ်ဖက်တပ်အကြားပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

အစွန်ဘက်ရပ်ကွက်တွေကိုရောက်လာရင် ကျနော်တို့ဘက်ကဝင်ပစ်တယ်။ ၁၂ ရက်နေ့က ရပ်ကွက် ၅ ဘက်အခြမ်းမှာဖြစ်သွားတာ။ သူတို့ဘက်ကလည်းပစ်၊ ကိုယ့်ဘက်ကလည်းပစ်တာပေါ့ သူတို့က အဲ့မှာ သန်းခေါင်စာရင်းကောက်တာရပ်ပြီးမြို့ထဲဝင်ပြေးသွားကြတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လက်တလော စစ်ကောင်စီတပ်ဘက်က ကသာမြို့ပေါ် ရပ်ကွက်တစ်ချို့မှာသာ သန်းခေါင် စာရင်းကောက် ယူတာတွေလုပ်နေပြီး တစ်မြို့လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ စစ်သားအင်အားတစ်ချို့သာပါဝင်ပြီး ရဲအင်အားအများအပြားအသုံးပြုကာ တစ်အိမ်တက်တစ်အိမ်ဆင်းကောက်ယူနေတာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

သူတို့လည်းမြို့လယ်ခေါင်ပဲလုပ်တယ်။ ဟန်ပြ အဖြစ်လုပ်တာပါ။ မြို့အစွန်ရပ်ကွက်တွေတော့မလုပ်ရဲပါ ဘူး။ ရပ်ကွက် ၄ ခုလောက်တော့ပြီးပြီထင်တယ်။ ဒါပေမဲ့ အိမ်တိုင်းမလုပ်ဘူး။ လုပ်ချင်တဲ့အိမ်ပဲ ပြန်ချင်ရင် လည်းပြန်သွားကြတာ။ သူတို့က ရဲဘက်ကသုံးတာများတယ်။ တပ်ဘက်ကနည်းနည်းပဲလို့ပြောပါတယ်။

လက်တလောမှာတော့ ခရိုင်အဆင့်ရှိတဲ့ ကသာမြို့နယ်တစ်ခုတည်းက ရပ်ကွက်တစ်ချို့မှာသာ စစ်ကောင်စီ ဘက်က သန်းခေါင်စာရင်းကောက်ယူနိုင်တဲ့အခြေနေရှိပြီးတော့ ကသာခရိုင်ထဲကမြို့နယ်တွေဖြစ်တဲ့ အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်နယ်တွေမှာတော့ သန်းခေါင်စာရင်းကောက်ယူနိုင်တာမရှိသေးသလို တိုက်ပွဲ တွေ မကြာခဏဖြစ်ပွားနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့ကနေစတင်ပြီးတော့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ ကြေညာခဲ့ပြီး ဒီသန်းခေါင်စာရင်းကောက်ယူ တာကနေရလာတဲ့ အချက်အလက်တွေကို မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာအသုံးပြုမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာ လေ့လာရေးအဖွဲ့ ISP Myanmar က ထုတ်ပြန်ထားပြီး ဒီအခြေနေတွေ အကြား စစ်ကောင်စီဘက်ကကောက်ယူတဲ့ သန်းခေါင်စာရင်းဟာ စာရင်းအမှန်မရနိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button