မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။
KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်းတရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေရှိသလို လက်နက်ပစ္စည်းအပါ ဖမ်းဆီးရမိတာတွေရှိတယ်လို့ သတင်းအရင်းအမြစ် ပြောပေမယ့် အသေးစိတ်သိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။
ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။
“သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ ဘက်မှာ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့ ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒီကနေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။
ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
နယ်စပ်တစ်ကြောက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နှစ်ပေါင်း ၅၀ ခန့်အကြာ ထိန်းချုပ်လာတဲ့ မြို့နေရာ နဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်လိုက်ပြီး ရက်ပေါင်း ၂၀ ခန့်အကြာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုင်တည် နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)