ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊ မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။
ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ်
ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)