မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
မူဆယ်မြို့နဲ့ နမ့်ဖတ်ကာမြို့ကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက် ရေးတပ်မတော် TNLA တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် TNLA တပ်ဘက်က ဒေသခံကျောင်းသားမိဘ၊ ရွာသားတွေကို သေနတ်ခြိမ်းခြောက်တာအပြင် ကလေးတွေ စာသင်နေတဲ့ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ကချင်အမျိုးသားအလံကို ဆွဲဖြုတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကျောင်းသားမိဘတွေ TNLA ကာထားတဲ့ သစ်သားတွေကို ပြန်ဖယ်လိုက်ပြီး ကျောင်းဆက်တက်ကြပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ TNLA တပ်က အသက် ၃၀ အရွယ်ရှိ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်လွန်ကို နေအိမ်ကနေ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။
“ရွာက အုပ်ချူပ်ရေးတာဝန်ယူထားသူကိုဖမ်းသွားတယ်။ သူတို့လာဖမ်းတဲ့အချိန် သေနတ်တွေပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးသွားတယ်။ အဲဒါအပြင် အခု ကျောင်းကိုသူတို့က ပိတ်ပေးလိုက်တယ်။ အဲဒါကြောင့် ဒီတစ်ပတ်လုံး ကလေးတွေ စာမသင်ရပဲ နေနေတယ်။ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး။”လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
TNLA တပ်ဖွဲ့ဟာ စာသင်ကျောင်းမှာ တပ်ချခွင့်မရလို့ဆိုပြီး ကျောင်းကို ပိတ်ထားပေးတဲ့အတွက် တစ်ပတ်လုံး ကလေးတွေကျောင်းမတက်ရပဲ ရပ်နားထားရတယ်လို့ ဒေသခံတွေပြောပါတယ်။
TNLA တပ်ဖွဲ့က ဒီနေ့ထိ စာသင်ကျောင်းမှာ တပ်စွဲနေရာယူထားတဲ့အပြင် ဖမ်းဆီးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်လွန်ကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့ ဒီနေ့အထိ ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဆက်သိရပါတယ်။
“သူတို့က လုံး၀မဖယ်ပေးဘူးတဲ့။ အဲဒီမှာ တာဝန်ယူနေတဲ့ TNLA လူကြီးနဲ့ ရွာသားတွေကို တွေ့ခွင့်ပေးဖို့လည်း ပြောပေမဲ့ မတွေ့ခိုင်းဘူး။ အထက်အမိန့်ဆိုပြီး သူတို့ကမဖယ်ဘူးတဲ့။ ဒီနေရာမှာ အရင်က TNLA ရုံးလည်းမရှိဘူး။ တပ်ဖွဲ့လည်း မတပ်စွဲဘူး အခုက ကျောင်းနေရာကို ဘာလို့လာလု တပ်စွဲလည်းမသိဘူး။ စာသင်ကျောင်းက ကလေးတွေစာသင်နေတာလေ။ လက်နက်တပ်ဖွဲ့နဲ့လည်းမဆိုင်ပဲနဲ့ သူတို့က တပ်စွဲလိုက်ပြီး မနက်၊ညနေဆို လှုပ်ရှားပြ၊ ပြေးပြနဲ့ လုပ်နေတယ်။လူ့အခွင့်အရေးဆိုတာလည်း နားမလည် ဘယ်လောက် ပြောလည်းမရဘူး” လို့ နောက်ထပ် မန်ပိန်းဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ PSLF/TNLA ပြေးရေးဆိုခွင့်ရှိသူတွေထံ ကချင်သတင်းဌာန KNG က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
လက်ရှိ TNLA တပ်စွဲထားတဲ့ မန်ပိန်းကျေးရွာအုပ်စု စာသင်ကျောင်းဟာ ကျေးရွာ ၅ ရွာက ကလေးတွေပညာသင်ယူနေတဲ့ မူလတန်းကျောင်းဖြစ်ပြီး ကျောင်းကိစ္စနဲ့ပတ်သက်လို့ TNLA နဲ့ ရွာသားတွေ ပြဿနာဆက်ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။
ဒေသခံကျောင်းသားမိဘ၊ရွာသားတွေဘက်က TNLA ကို ကျောင်းကနေအမြန်ဖယ်ပေးဖို့ တောင်းဆိုနေပေမဲ့ TNLA က တစ်စုံတရာအကြောင်းပြန်တာမရှိဘူးလို့ ဆိုပါတယ်။
မန်ပိန်းကျေးရွာ မူလတန်းကျောင်းဟာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ပညာရေးဌာနအောက် ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး ၂၀၂၅–၂၀၂၆ ပညာသစ်နှစ်မှာ အခြေခံပညာ မူလွန်ကျောင်း ၆ တန်းအထိ တိုးမြင့်ဖွင့်လှစ်ဖို့ ဒေသခံတွေ ပြင်ဆင်နေချိန် TNLA တပ် နေရာယူတပ်စွဲလိုက်တာဖြစ်ပါတယ်။
ဒီကျောင်းမှာ ကျောင်းသားပေါင်း ၆၀ ခန့်ရှိပြီး ကချင်၊ တအာင်း/ပလောင်၊ ရှမ်း၊ တရုတ် စတဲ့တိုင်းရင်းသားပေါင်းစုံက ကလေးတွေ ပညာသင်ယူနေတဲ့ ကျောင်းဖြစ်သလို နမ့်ဖတ်ကာမြို့နဲ့ မူဆယ်မူကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာအုပ်စု အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ရွာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ