ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နဲ့ မံစီမြို့အကြား ၃ ရက်ကြာမြင့်လာတဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်မြို့တွင်း ရဲစခန်းအပါ တာမိုင်းလုံ၊ နမ်းဖား တက္ကသိုလ်အနီးပတ်ပတ်လည်နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁ တပ်ရင်းတွေမှာ တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“ဒီနေ့လည်း မံစီဘက်မှာ အကြီးအကျယ်ဖြစ်နေတုန်းပါပဲ။ ဗန်းမော်မြို့ထဲမှာလည်း ဖြစ်နေတယ်။ အခုက ရဲစခန်းကိုလည်း သွားတိုက်နေတယ်။ ပြီးရင် မိုးမောက် ၇ မိုင် အောင်မြေဘက်က စစ်ကောင်စီတပ်သားတွေလည်း ၆ မိုင်၊ ၅ မိုင်ဘက်ကို အကုန်ပြေးဆင်းသွားလို့ KIA ဘက်ကလိုက်ရှင်နေတယ်။ ဗန်းမော် တာမိုင်းလုံ၊ နမ်းမား တက္ကသိုလ် တစ်ကြောမှာလည်း ဖြစ်နေတယ်”လို့ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၄ ရက်နေ့ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ ဗန်းမော်၊ မံစီ စစ်တပ်စခန်း အားလုံးမှာ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး တာမိုင်းလုံ၊ နမ်မား တက္ကသိုလ်ကျောင်းအနီး တဝိုက်ဖြစ်နေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ သိရပါတယ်။
တာမိုင်းလုံနဲ့ နမ်ဖားတိုက်ပွဲမှာ ဗျူဟာမှူးတစ်ဦး သေဆုံးမှုရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေ ပြောပြပေမယ့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ဗန်းမော်၊ မံစီတိုက်ပွဲစတင်ဖြစ်နေ့စပြီး စစ်တပ်စခန်းလက်မလွတ်ရေးအတွက် တိုက်ပွဲဖြစ်နေတဲ့ နေရာအားလုံးမှာ လေကြောင်းနဲ့ လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ခုလိုပြောပါတယ်။
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၂ နာရီမထိုးခင်အထိ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့ဘက်ကို လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး မနေ့ကလည်း မနက်ပိုင်းမှာတင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။
အခုလို စစ်တပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတဲ့အပြင် တိုက်ပွဲဖြစ်တဲ့နေရာတွေဘက်ကနေပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဗန်းမော်မြို့တွင်း ခွန်သာရပ်ကွက် ဗလီနားနဲ့ တပ်ကလေးရပ်ကွက်က အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ၃ ရက်အတွင်းမှာ အရပ်သားသေဆုံးမှု ၁၀ ခန့်အထိရှိပြီလို့ သိရပေမယ့် ထိခိုက်သေဆုံးမှု ဒီထက်ပိုများနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
လက်ရှိ ဗန်းမော်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
KIA တပ်တွေဟာ တိုက်ပွဲ ၃ ရက်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော် စကခ ၂၁ တပ်ရင်၊ ခလရ ၄၇ တပ်ရင်းအောက်မှာရှိတဲ့ ဖန်ခါးကုန်း၊ ညောင်ပင်သာ ၊ မံစီမြို့ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ စတဲ့ တပ်ရင်း နေရာတွေမှာ လုံခြုံရေးယူထားတဲ့ ရှေ့တန်း ကာကင်းစခန်း ၇ ခုထက်မနည်းကိုလည်း သိမ်းပိုက်ရရှိထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)