သတင်း

KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့  တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ် တရုတ်အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံနေကြတာဖြစ်ပြီး အရင်ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ KIO နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

လက်ရှိ KIO အစိုးရနဲ့ တရုတ်အစိုးရဘက်က ဦးဆောင်ပါဝင် ဆွေးနွေးနေတဲ့ CPPCC (Chinese People’s Political Consultative Conference ) ဗဟိုကော်မတီဝင် ဝူ့ခန့် (Wu Hken) ဟာ ယခင်က ဂျာမနီနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတစ်ဦးလည်းဖြစ်ပါတယ်။

KIO နဲ့ တရုတ်အစိုးရတွေ့ဆုံမှုမှာ KIO ဘက်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊  KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA  တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ပါဝင်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီအရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်နဲ့ မံစီ မြို့နယ်  ခုမှာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်အတွင်းမှာပဲ တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကြောင့် KIO အစိုးရဘက်က သွားရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။

ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ KIO နဲ့ တရုတ်အစိုးရ နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။

 KIO နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုချက်အရ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကချင်နဲ့ တရုတ်နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဂိတ်ရှိတဲ့ မြို့နယ်တစ်ချို့ကို သိမ်းပိုက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button