ကသာတဝိုက် စစ်တပ်အင်အားဖြည့်တင်း၊ မော်လူးဘက် စစ်ကူပို့ရန် ပြင်ဆင်နေ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာမြို့နယ်အတွင်း စစ်တပ်က အင်အားဖြည့်တင်းတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ် နေပြီး မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ် တိုက်ပွဲပြင်းထန်နေတဲ့ မော်လူးဒေသဘက်ကို စစ်ကူပို့ဖို့ ရည်ရွယ်ထား တယ်လို့ဒေသခံတွေက KNG ကို ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ တကောင်း၊ ထီးချိုင့်မြို့တွေကနေ ကသာမြို့ထဲကို အင်အားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်တင်း နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကသာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်တပ်ဘက်က မော်လူးဒေသကို စစ်ကူပို့ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုမှုတွေရှိပြီး လက်ရှိမှာလည်း အင်အားနဲ့ စစ်ရေးအထောက်အပံ့တွေ ဖြည့်တင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုလောလောဆယ် ကသာကိုသွားဦးမယ် ဒီကသာကနေ သူတို့သွားမဲ့သဘောရှိတယ် အင်အားတော့တော်တော်များတယ် တော်တော်ကားတွေနဲ့လည်းလာရတာရှိတယ် ။ ကျနော်တို့ဆီကနေ ကသာကိုလေ အဲ့ကသာမြို့ထဲကနေ မော်လူးကိုဘယ်လို ပုံစံသွားမလဲလို့တော့ ကျနော်လည်းမပြောတတ်ဘူး”လို့ ကသာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာဟာ မော်လူးဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေနိုင်ပြီး ကသာမြို့နယ်ကို စစ်ကူနဲ့ ထောက်ပံ့ရေးအတွက် အသုံးပြုလာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဒီစစ်ကြောင်းတွေနဲ့အတူပါလာတဲ့ တပ်သားတွေဟာ အသက် ၂၀ ဝန်းကျင်ပတ်ချာလည်အရွယ်တွေအများဆုံးတွေရပြီး အရပ်သား ကားတွေကို ချောဆွဲပြီးစစ်ကြောင်းထွက်လာပုံရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

 “ကုန်းကြောင်းတွေနဲ့လည်းရောက်လာတယ်။ ကားတွေနဲ့လည်းရောက်လာတယ်။အရပ်သားကားကို ချောဆွဲခဲ့တဲ့ပုံစံမျိုးနဲ့မှ။
ဖောကား(မြေ၊သဲကျောက်သယ်ယူပို့ဆောင်ရေးကား)ခေါ်တာပေါ့နော်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် ကျောက်မှော်၊ နတ်အင်းကျေးရွာအနီးမှာ ကသာကို လက်ရှိရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ကျောက်မှော်နဲ့ နတ်အင်းကျေးရွာဘက်က ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရသလို ကသာမြို့နယ်အတွင်းက အခြားကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တာကို စိုးရိမ်ပြီး ကြိုတင်ပြင်ဆင်ခဲ့ကြရတာပါ။

အလားတူ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ကသာမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ကျောက်ပုံ၊ ကလုံနဲ့ သံပုရာကျေးရွာ တစ်ဝိုက်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများစု နေအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာတော့ ထီးချိုင့်နဲ့ ကသာမြို့နယ်အစပ်အပြင် ကသာမြို့နယ်အတွင်းမှာပါ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ရှိလာတာ ကြောင့် ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေတင်မကဘဲ လေကြောင်းတိုက်ခိုက်မှုနဲ့ နေရပ်စွန့်ခွာရနိုင်တဲ့ အခြေအနေတွေ ကိုပါ စိုးရိမ်နေကြပါတယ်။

တစ်ဖက်မှာလည်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်က အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး စစ်တပ်စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုတွေကြောင့် လမ်းပိုင်းသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေပါရပ်တန့်နေပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button