ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။
မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဘယ်သူဘယ်ဝါမှန်းကတော့မသိတော့ဘူးဗျာ။ ရုပ်အလောင်းကပုပ်ပွနေတာဆိုတော့ မနေ့ကစတွေ့တာပဲ မြေစာပြိုတဲ့ချိန်တုန်းက ဘယ်သူမှမရှာကြဘူးလေး ဝင်လို့မရတာ”လို့ သူကပြောပါတယ်။
မြေစာပုံပြိုကျတဲ့ညမှာ မြေသယ်ကားနှစ်စီးနဲ့အတူ ကုမ္မဏီလုပ်သားယာဥ်မောင်းတစ်ဦး၊ယာဥ်နောက်လိုက်တစ်ဦးနဲ့ ရေမဆေးသမားအနည်းဆုံး ၁၀ ဦးခန့်မြေစာပိသွားတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်အလောင်းနှစ်လောင်းနဲ့ မြေသယ်ကားတစီးပြန်ပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။
မြေစာပုံပြိုကျခဲ့တဲ့ ရေကန်ဟာ အနည်းဆုံး ပေ ၁၀၀ ကျော်နက်တာဖြစ်ပြီး လက်ရှိ ကန်ရေကျသွားတာကြောင့် ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မြေစာပုံပြိုကျစဥ်က အခင်းဖြစ်တဲ့နေရာထဲကို ကယ်ဆယ်ရေးသမားတွေ၊ နာရေးကူညီမှုအသင်းတွေနဲ့အရပ်သားတွေဝင်ခွင့်ကို တစ်ပတ်ကျော်ရှာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။
“ဒီမှာက ဖုန်း၊အင်တာနက်လိုင်းမရတော့ သတင်းလည်းတိတိကျကျရဖို့ခက်တယ်။ ခုအဲဒီအလောင်းကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါ်တာလေ။ ကျနော်တို့သိတာက မနေ့ကမှသိရတာ သတင်းတွေလည်း အမြန်သိရဖို့အရမ်းခက်လာတယ်”လို့ နောက်ထပ် မှော်စီဇာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်း စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိတော့ ဖားကန့်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က နယ်မြေ စိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းနဲ့ စစ်ရေးဂိတ်အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ နှစ်စဥ် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားသေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
By – Zaw Zaw