ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့် ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လဘန်ကထောင်၊နောင်းချိန်း၊ဂွေထုကျေးရွာဘက်မှာ ဒီဇင်ဘာ ၅ ရက်နေ့စ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတစ်ချို့ မြစ်ကြီးနားမြို့ဘက်တိမ်းရှောင်တာတွေရှိနေတယ်လို့ နောင်းချိန်းစစ်ရှောင်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ပြီးခဲ့အတဲ့အပတ်ကတည်းက ဂွေထု၊နောင်းချိန်းသွားတဲ့ ရွာတွေမှာတနေ့တနေ့အင်အားတွေလာချသွားတယ်။ တချို့မပြန်ပဲအဲ့မှာပဲကင်းပုန်းဝပ်နေတာတွေအများကြီးပဲ။ အဲ့ကြောင့် တိုက်ပွဲဖြစ်လာမှာဆိုးလို့ ဒီဘက်ရောက်လာတာ”လို့ ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ဝိုင်းမော်ဘက်ခြမ်း ဗလမင်းထင်အထက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မခေါယန်၊ လဘန်၊နောင်ချိန်း ၊ဂွေထုကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်သားတွေ အင်အားဖြည့်နေသလို လဘန်ကထောင်နဲ့ မခေါဒီရွာတောစပ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ နောက်ထပ် နောင်းချိန်းဘက် စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“သူတို့က လမ်းမှာတားပြီးစစ်တယ် ဘယ်ကလာသလဲ၊ဘယ်သွားမလဲ စစ်ရှောင်တွေပါလို့ပြောလည်း နိတို့ကိုဘယ်သူရှောင်ခိုင်းတာလဲ၊ဘယ်ရွာကလဲ အရမ်းမေးစစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း ခုသွားရလာရ ခက်နေတယ်”လို့ ပြောပါတယ်။
ခုလို စစ်ကောင်စီစစ်သားတွေစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာကြောင့် အဲဒီကျေးရွာမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဝူယန်၊နောင်ဟီး၊စန်းကားဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်တစ်ဆင့် ထပ်မံတိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားမြို့တွင် စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ဒီတလောမြစ်ကြီးနားက စစ်ရှောင်တွေနဲ့ပြည့်နေတာ ဖားကန့်ဘက်ကကော၊ဝိုင်းမော်ဘက်ကတွေကောအခုလည်းထပ်ရောက်လာတယ်။ နောင်းချိန်းတို့ဘက်ကတဲ့ မနေ့ကလည်းလိုက်ပို့ရသေးတယ် နောင်းချိန်းဘက်ကရှောင်လာတာတဲ့ဟာ အခြေနေမကောင်းလို့ဆိုပြီးရောက်လာကြတာ”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
ဗလမင်းထင်တံတားအထက်မှာရှိတဲ့ ဂွေထုကျေးရွာဟာ ပြည်သူ့စစ်ဦးလဆန်အောင်ဝါထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။
သို့သော် အသက် ၈၀ အရွယ်ရှိ လဝါယာန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ နိုဝင်ဘာလ ၁၆ ရက် မနက်အစောပိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူ့နေရာမှာ လက်ရှိ ဦးမဂျီနော်လီကို လဝါယာန်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
လတ်တလော ကချင်ပြည်နယ်ရဲ့ ဒုတိယအရေးအပါဆုံးမြို့ဖြစ်တဲ့ဗန်းမော်မြို့ကို KIAနဲ့ပူးပေါင်းတပ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ချိန်ကစ ဗန်းမော်– မြစ်ကြီးနားလမ်းပိုင်းရှိ ဝိုင်းမော်မြို့နယ်ထဲမှာ အခုလိုစစ်ရေးလုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းအများပိုင်းနဲ့ စစ်ကောင်စီစစ်တပ်တွေအထိုင်ချထားတဲ့ ကျေးရွာအားလုံးကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မေ လကတည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့တွင်းတပ် ခ.လ.ရ ၅၈ တပ်တစ်ခုထဲသာကျန်ရှိတာဖြစ်ပါတယ်။
By – Zaw Zaw