သတင်း

ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ

ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ  ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဘေးနားရှိ နေအိမ်တချို့နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိန္နီဒေသခံ အမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။

ဟိုတယ်သိန္နီဘက်မှာ လာကြဲတာဟုတ်တယ်။ ဗုံးကြဲတဲ့နေရာ ချိုင့်ခွက်ကိုကြည့်ရင်တော့ ပေါင် ၃၀၀ လောက် ဗုံးတစ်လုံး ဖြစ်နိုင်ခြေ ရှိတယ်။ ဒီနေရာမှာပဲ ဗုံးလာကြဲတာ ဒီတစ်ခေါက်နဲ့ဆို ကြိမ်မြောက်ဟုတ်ပြီ။ ရှေ့တစ်ခေါက်တွေမှာ ပျက်စီးထားတဲ့ဟာတွေ အခုထပ်ပစ်လို့ ထိတဲ့ဟာတွေရှိတယ်။” လို့ သိန္နီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရှိရဘူးလို့ ဆိုပါတယ်။

ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားတဲ့ သိန္နီမြို့ကို စစ်တပ်ဘက်က ပြီးခဲ့တဲ့ လတွေတုန်းကလည်း လေကြောင်းနဲ့ လာရောက်ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ အပစ်ရပ်ဆွေးနွေးနေတဲ့ ကာလမှာပဲ စစ်ကောင်စီတပ်က ကိုးကန့်တပ်ဖွဲ့ရဲ့ လှုပ်ရှားရာနေရာတွေကို လေကြောင်းကနေ လာရောက်ဗုံးကြဲနေတာလည်း ဖြစ်ပါတယ်။

အရင်ကတော့ ဟိုတယ်သိန္နီနာမည်နဲ့ တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်ခဲ့ပေမဲ့ ကိုးကန့်ထိန်းချူပ်ပြီးနောက် ကိုးကန့်ငှားယူလိုက်ပြီး ရှန်ဝီဟိုတယ်နာမည်နဲ့ အနှိပ်ခန်းတွေ၊ စားသောက်ဆိုင်နဲ့ ဟိုတယ်လုပ်ငန်းအဖြစ် လည်ပတ်နေတာ ပတ်လောက်ပဲရှိသေးတာ ဟုတ်တယ်။ ကိုးကန့်ဘက် သိပ်အနေအထိုင်မတတ်ဘူးလို့ ပြောရမယ်။ ညသန်းခေါင်အထိ မီးတွေနဲ့ ဘောက်တွေဖွင့်ပြီး ကြိုက်သလိုလိုနေနေတော့ ဖြစ်လာရင်တော့ ဒီလိုပဲလေ။” လို့ သိန္နီဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ကိုးကန့် MNDAA တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ရောက်ရာအရပ်ကနေ အပစ်ရပ်ပြီး စစ်တပ်နဲ့ နိုင်ငံရေးဆွေးဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်စာထဲမှာ ကိုးကန့် MNDAA ဟာ စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မလုပ်တော့ပဲ ဆွေးနွေးမှာဖြစ်တာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ရှမ်းမြောက်တခွင်လေကြောင်းပစ်ခတ်မှုတွေကို ရပ်တန့်ပေးရမယ်လို့ ဆိုထားပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံကြားဝင်စေ့စပ်မှုနဲ့ကိုးကန့် MNDAA နဲ့ စစ်ကောင်စီတပ်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆၊၁၇ နှစ်ရက်တိတိ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဆွေးနွေး ညှိနိုင်းမှု မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ လာမဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာလည်း ထပ်မံဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button