တအာင်းအလံ မထောင်မနေရ ညွန်ကြားချက်ကို ဒေသခံများ ဝေဖန် ကန့်ကွက်

ရှမ်းမြောက် နမ္မတူမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒေသခံ လူထုကို TNLA အမျိုးသားအလံ မထောင်မနေရ အမိန့်နဲ့အတူ အလံတန်ဖိုးကို ပေးဆောင်ခိုင်းစေတယ်လို့ ဒေသခံတွေ ပြောဆိုလာပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့ကျရောက်မယ့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် နမ္မတူမြို့ရှိ နေအိမ်အားလုံးမှာ တအာင်းအလံ မထောင်မနေရအမိန့်ချမှတ်ထားပြီး ပျက်ကွက်ပါက အရေးယူခံရမယ်လို့ TNLA ဘက်က သတိပေးထားတယ်လို့ နမ္မတူ ဒေသခံ ကချင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ရပ်ကွက်တိုင်းကို လိုက်ပြောနေတယ်။ အလံမထောင်ရင် အရေးယူမယ်၊ ဒဏ်ငွေရိုက်မယ်ဆိုပြီး လာမဲ့ ၁၂ ရက်နေ့မှာ အလံမထောင်မနေရတဲ့ အတင်းအဓမ္မ လုပ်ခိုင်းနေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဆယ်အိမ်မှူးတွေက တစ်အိမ်ပြီးတစ်အိမ် လိုက်ပြောနေတယ်။ တချို့တွေကို အလံဖိုးပါ တစ်ခါတည်းကောက်သွားတယ်။ တချို့ကိုတော့ အလံကို ဘယ်ကဝယ်ပါ ဆိုပြီး ညွှန်းသွားတယ်။” လို့ ပြောပါတယ်။
အလံစိုက်ထူရမယ့်အကြောင်းကို ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက ရပ်ကွက်အုပ်ချူပ်ရေးမှူး၊ ဆယ်အိမ်မှူးတွေကတဆင့် ဒေသခံလူထုတွေကို ညွန်ကြားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလံတန်ဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ကျပ် ၁၅၀၀၀ ကနေ ကျပ် ၂၅၀၀၀ အထိ လိုက်လံကောက်ယူသလို တချို့ကိုတော့ အလံကို ဆိုင်ကတဆင့် ဝယ်ယူခိုင်းစေတယ်လို့ ပြောပါတယ်။
ဝေဖန်မှုမြင့်တက်နေတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ပြောဆိုပိုင်ခွင့်အဖွဲ့ကို KNG က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်အကြောင်းပြန် ဖြေဆိုမှု မရှိခဲ့ပါဘူး။
ဇန်နဝါလ ၁၂ ရက်နေ့ တအာင်းအမျိုးသားနေ့မှာ တအာင်းအလံမထောင်တဲ့သူတွေကို ဒဏ်ငွေရိုက်၊ ဖမ်းဆီးချုပ်နှောင်တဲ့အထိ အရေးယူမယ်လို့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA ဘက်က ပြောဆိုထားတာကြောင့် ဒေသခံတွေဘက်ကတော့ ဝေဖန်ပြောဆိုမှု များစွာရှိနေပါတယ်။
“ဒါက မလွန်လွန်း ဘူးလား။ မဖြစ်သင့်တဲ့အရာလေ။ ကျနော်တို့ဟာ အလံကို ထောင်ချင်လို့ ထောင်တာ မဟုတ်နေဘူး။ စိုးရိမ်မှုနဲ့ လုပ်ရမဲ့အနေအထားဖြစ်နေတယ်။ သူတို့က အရေးယူမယ်။ ဖမ်းဆီးပြီး ထောင်ချမယ်ဆိုပြီး အမျိုးမျိုးပြောနေတော့ ကျနော်တို့က မလုပ်ချင်လည်း လုပ်နေရတယ်။ အခွန်အကောက်တွေလည်း အရမ်းများတယ်။ နမ္မတူမှာရှိတဲ့ တအာင်းလူမျိုးမဟုတ်တဲ့ အခြား တရုတ်၊ ရှမ်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး တိုင်းရင်းသားတွေအားလုံးက အလိုမရှိဘူး။ အားလုံးက သူတို့ အတင်းအဓမ္မ လုပ်ခိုင်းနေတာကြောင့် လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ရင်ထဲတော့ မကောင်းဘူးပေါ့” လို့ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရာ ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်းပေါ် လေးစားမှု ရှိဖို့ရန်လိုအပ်တယ်လို့ ဒေသခံတွေ ထောက်ပြကြပါတယ်။
ရှမ်းမြောက် နယ်မြေအချို့ရှိ အာဏာသိမ်း စစ်ကောင်စီတပ်ကို တိုက်ခိုက်အနိုင်ယူထားတဲ့ TNLA တပ်ဟာ နမ္မတူဒေသခံတွေကို အလံမထောင် မနေရ အတင်းအဓမ္မ လုပ်ဆောင်ခိုင်းစေမှုမှာ မဖြစ်သင့်ဘူးလို့ ပြောဆိုနေကြပါတယ်။
နမ္မတူမြို့အဖြစ်အပျက်ကဲ့သို့ အခြားဒေသတွေမှာလည်း ဒေသခံတွေကို တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အလံမထောင် မနေရ ဖိအားပေးမှုရှိ မရှိကို မသိရှိရသေးပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့မှာ ကွတ်ခိုင်မြို့ ကချင်ဒေသခံတွေ ကချင်အမျိုးသားအလံ လွင့်ထူမှုကို TNLA ဘက်က လိုက်လံဖြုတ်ချခဲ့မှုကြောင့် အငြင်းပွားမှု ဖြစ်ခဲ့သေးကြောင်း သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်တဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ် MNDAA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာလည်း အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေအငြင်းပွားမှုတချို့ ရှိခဲ့ပါတယ်။
By – ဂျာဘောက်ရာ