ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU နဲ့ ဂျာမနီနိုင်ငံ Frankfurt မြို့က Goethe တက္ကသိုလ် တို့ကြား အပြန်အလှန် နားလည်မှု စာချွန်လွှာ MOU ရေးထိုးခဲ့ကြတယ်လို့ KSCU ဒုတိယ အဓိပတိ ဒေါက်တာအောင်နိုင်သူက KNG ကို ပြောပါတယ်။
MOU ကို Goethe တက္ကသိုလ် ဘက်က President Dr.Enrico Schleiff နဲ့ တာဝန်ခံ ပရောဖက်ဆာ Dr.Ulrich Kuch၊ KSCU ဘက်က ဒုတိယအဓိပတိ ဒေါက်တာအောင်နိုင်သူ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး တို့က တာဝန်ခံ လက်မှတ်ရေးထိုး ခဲ့ကြတယ်လို့ သိရပါတယ်။
သဘောတူညီချက်မှာ တက္ကသိုလ်နှစ်ခု ပရောဂျက် ပူးပေါင်းလုပ်ဆောင်မှု ၊ ကျောင်းဆရာ/မတွေနဲ့ ကျောင်းသူ/သားတွေကို အပြန်အလှန်အတွေ့အကြုံ ဖလှယ်တဲ့အစီစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
Goethe တက္ကသိုလ် နဲ့ ပူးပေါင်းနိုင်ခြင်းအားဖြင့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရလာနိုင်တယ်လို့ ဒေါက်တာအောင်နိုင်သူက ပြောပါတယ်။
“အနာဂတ်မှာတော့ political situation (နိုင်ငံရေးအခြေအနေ) အရ ပွင့်ပွင့်လင်းလင်းဖြစ်သားပြီဆိုရင် in-person အရ သူတို့ဆီကို scholarသွားတာဖြစ်စေ students exchange သွားတာဖြစ်စေ ဆရာ/မတွေဆိုရင်လည်း TOT ထရိန်နင်သွားတာဘဲ ဖြစ်စေ ဖြစ်လာနိုင်ပါတယ် ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေရောပေါ့” လို့ ဆိုပါတယ်။
Goethe တက္ကသိုလ်ဟာ World University Ranking မြင့်တဲ့ ကျောင်းတစ်ခုဖြစ်ပြီး KSCU နဲ့ အဓိကအားဖြင့် ဆေးပညာရပ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ကိုင်ကြမှာဖြစ်တဲ့အတွက် KSCU ဆေးပညာသိပ္ပံတက္ကသိုလ်နဲ့ သူနာပြုသိပ္ပံ တက္ကသိုလ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ပရောဂျက်တွေ ပိုများမှာ ဖြစ်တယ်လို့ သိရပါတယ်။
သို့ပေမယ့် နိုင်ငံရေး အခြေအနေအရ သွားလာရေးခက်ခဲတဲ့အတွက် ကျောင်းသားဖလှယ်တဲ့ လှုပ်ရှားမှုမျိုးကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေပြီး အွန်လိုင်းကတစ်ဆင့် သင်တန်းပို့ချခြင်း နဲ့ ဆေးဘက်ဆိုင်ရာသုံး အထောက်အကူ ပစ္စည်းတွေကို ထောက်ပံ့မှုပေးခြင်းသာ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
KSCU အနေနဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်အချို့နဲ့လည်း ချိတ်ဆက်နေတယ်လို့ ဒေါက်တာအောင်နိုင်သူက အခုလို ဆက်ပြော ပါတယ်။
“မရရတဲ့နည်းနဲ့တော့ ဆရာတို့ဖောက်ထွက်ကြမယ်။ ဒီတိုင်းငုတ်တုတ် ထိုင်နေစောင့်နေရင် ဘာမှလည်း အကျိုးရှိမှာ မဟုတ်ဘူး တော်လှန်ရေးလုပ်တဲ့ အခါမှာ ကိုယ်နိုင်တဲ့ လက်နက်ဖြစ်တဲ့ ပညာရေးလက်နက်နဲ့ KSCU မှာရှိတဲ့ ဆရာ/မတွေ အကုန်လုံးလည်း အစွမ်းကုန် ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
Goethe တက္ကသိုလ်နဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) တို့ MOU ထိုးထားတဲ့ သက်တမ်းမှာ ၅ နှစ်အထိ ဖြစ်ပြီး နှစ်ဖက်တက္ကသိုလ်ရဲ့ လုပ်ဆာင်ချက်နဲ့ တိုးတက်မှုပေါ် မူတည်ပြီး MOU စာချုပ် သက်တမ်းပြန်လည်တိုးလာနိုင် ရှိတယ်လို့ သိရပါတယ်။
Goethe တက္ကသိုလ် က KSCU တက္ကသိုလ် နဲ့ သာ MOU သဘောတူထားပေမယ့် NUG နဲ့ ချိတ်ဆက်ထားတဲ့ မြန်မာပြည်တွင်း အခြားတက္ကသိုလ်တွေအနေနဲ့လည်း ပါဝင်ခွင့်ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။
ကချင်ပြည်နယ် သာမက မြန်မာပြည်တွင်းက တော်လှန်ရေးလုပ်ငန်းတွေမှာ ပညာရေး အရည်အသွေးပြည့်ဝတဲ့ လူအရင်းအမြစ်တွေကို KSCU အနေနဲ့ ဖြည့်ပေးနိုင်ဖို့ မျှော်မှန်းချက်ရှိတယ်လို့ ဒုတိယအဓိပတိ ဒေါက်တာ အောင်နိုင်သူက ပြောပါတယ်။
တက္ကသိုလ်နှစ်ခု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၃ နာရီခွဲအချိန်မှာ အွန်လိုင်းတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University KSCU ကို ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့မှာ ကျောင်း စတင်ဖွင့်လှစ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University KSCU ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ် School of Technology နှင့် School of Economic ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
KSCU တက္ကသိုလ် ဘွဲနှင်းသဘင် ကို ၂ ကြိမ်တိတိပြုလုပ်ခဲ့ပြီး ၂၀၂၂ ပညာသင်နှစ် ဘွဲနှင်းသဘင်မှာ ကျောင်းသား/သူ ၆၃ ဦး၊ ၂၀၂၄ ခုနှစ်မှာ စုစုပေါင်း ၁၃၉ ဦးကို ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။
By – Hope