
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဖားကန့်လမ်းပေါ်က ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး လဝါးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့် သွားလမ်းပေါ်က နန့်ယား(Namya)၊ နန့်တိန်(Namting) ကျေးရွာတွေအပါ ဖားကန့်လမ်းတစ်လျှောက်ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဧပြီလမှာ အပြီးသတ် ထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့စစ်တပ်အပါအဝင် စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့အတူ စစ်ကောင်စီ ပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်နေ့မှာ ကားမိုင်းမြို့အနီး မအူပင်နဲ့ ခွန်ဆိုင်ယန်ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
မအူပင်ကျေးရွာက KIA ဂိတ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခံလိုက်ရပြီးနောက် လက်ရှိမှာ ကားမိုင်းမြို့အနီး ဖားကန့်လမ်းတစ်ကြော နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“၂၃ ရက်နေ့ဖြစ်မယ် မအူပင်ကျေးရွာဘက်ကို ဝင်ရောက်လာပြီး KIA ဂိတ်စခန်းတွေကို မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ ၂၄ ရက်နေ့မှာက KIA ဘက်ကနေ တဖန်ပြန်သွားရောက်တိုက်ခိုက်ခဲ့တယ်။ မအူပင်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ပြန်တိုက်ခိုက်ခံရလို့ အကုန်ပြန်ထွက်ပြေးသွားကြတယ်။ လဝါးကျေးရွာမှာက သီးသန့် တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ပြီးရင် KIA ဂိတ်စခန်းလည်းမရှိပါဘူး။ လဝါးကျေးရွာမှာ မင်းဇေသန့်ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေရှိနေလို့ KIA ဘက်ကလည်း ပစ်ခတ်ပေးတဲ့သဘောပါ” လို့ ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ မအူပင်ကျေးရွာရှိ KIA ဂိတ်စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ၂၄ ရက်နေ့မှာ KIA ဘက်က တန်ပြန်တိုက်ခိုက်ခံမှုကြောင့် ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက တနိုင်းသွားလမ်းပေါ်ရှိ လဝါးကျေးရွာထဲမှာ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နှစ်ဖက်တပ်အပြန်အလှန် စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ဖားကန့်သွားလမ်း ကျေးရွာတွေမှာ တိုက်ပွဲတစ်ဖန်ပြန်လည် ဖြစ်ပွားနေတာဟာ KIA ထိန်းချုပ်ထားတဲ့ ဖားကန့် လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတာလည်းဖြစ်တယ်လို့ KIA စစ်ရေးသတင်းအရင်းအမြစ်က ဆက်လက်သုံးသပ်ပြောဆိုပါတယ်။
“ဖားကန့်လမ်းကို ပြန်ထိန်းချုပ်ဖို့ လုပ်လာတယ်လို့မြင်တယ်။ စစ်ဌာနချုပ်ကနေလည်း ဖားကန့်လမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ညွန်ကြားထားတာတွေရှိတယ်လို့ ကြားရပါတယ်။ ပြီးရင် လက်ရှိ စစ်ရေးအခြေအနေအရ အမျိုးမျိုးတွေးတောလို့ရပါတယ်။ ဗန်းမော်တိုက်ပွဲလည်းဖြစ်နေတော့ စစ်ဗျူဟာလှည့်လာတယ်လို့မြင်တယ်။ အဲ့ဒါကြောင့် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို ပြန်တိုက်ခိုက်လာတယ်လို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။
တနိုင်းသွားလမ်း လဝါးကျေးရွာဘက်ကို နေရာယူထားတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တဲ့ ရက်ပိုင်းအတွင်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပြည်သူပိုင်အိမ်မွေး တိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီကနေ သိရပါတယ်။
လက်ရှိ ဖားကန့် သွားလမ်းပေါ်က လဝါး၊ မအူပင်၊ ခွန်ဆိုင်ယန်စတဲ့ ကျေးရွာတွေ စစ်ရေးတင်းမာမှု ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ လဝါးနဲ့ ဖားကန့်လမ်ဘက်မှာ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်နေကြတယ်။ ဝါရာဇွပ်၊ ရှဒူးဇွပ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်။ အခုတိုက်ပွဲဖြစ်လာတဲ့ နေရာတွေကလည်း ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေဖြစ်တယ်။ KIO ရဲ့ဝင်ငွေရရှိနေတဲ့ လမ်းတွေကို စစ်ရေးလှုပ်ရှားပြီးတော့ တိုက်ပွဲဖြစ်အောင်လုပ်နေတယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၄ လခန့်ပြည့်လာချိန် စစ်ကောင်စီက ပြည်နယ် အခြားဒေသတွေကို စစ်ဆင်ရေး လုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖော်ဆောင်နေတဲ့ ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီဘက်ကနေ မိုးကောင်း စကခ(၃)၊ ဒွမ်ဘန် ခလရ ၂၉၈၊ ခလရ ၂၉၇ နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမဖြစ်မှီ မတ်လ ၂၂ ရက်နေ့ လဝါးကျေးရွာအနီးတဝိုက်ကို စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတော့ ၂၃ ရက်နေ့မှာ KIA ဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တစ်ပတ်ခန့်ကြာလာတဲ့အထိ နှစ်တပ်စစ်ရေးတင်းမှုဖြစ်နေတာကြောင့် လဝါးကျေးရွာ အပါအဝင် ကားမိုင်းမြို့အနီးရှိ ကျေးရွာနေ ဒေသခံပြည်သူ အားလုံးနီးပါးခန့်က နမ္မတီးမြို့နဲ့ တခြားဘေးလွတ်နိုင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)