လီဒိုလမ်းမကြီးပေါ် ခရီးသွားကားတွေကိုလူတစ်စုက ဓားပြတိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ သေနတ်နဲ့ဓားကိုင်ဆောင်ထားတဲ့လူတစ်စုက ခရီးသွားကားတွေကိုတားပြီး ဓားပြတိုက်ခဲ့တယ်လို့ ခရီးသွားတွေဆီကသိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့နေရာကတော့ လီဒိုလမ်းမကြီးပေါ် ဖားကန့်မြို့နယ်၊လဝါးရွာနဲ့ မိုးကောင်မြို့နယ်၊မရန်ကထောင်ရွာကြားမှာ ဖြစ်ပြီး မြစ်ကြီးနား–နမ္မတီး–မိုးကောင်း–ဖားကန့်–တနိုင်း စတဲ့မြို့ကြီးတွေကို ဆက်သွယ်သွားလာနိုင်တဲ့လမ်းမကြီးဖြစ်သလို မန္တလေး ကနေလာတဲ့ကားအများစုကလမ်းအဲ့ဒီလမ်းပိုင်းကိုအသုံးပြုကြတယ်လို့ဒေသခံတွေကပြောပါတယ်။
ဖြစ်စဥ်ကတော့ မနေ့က မတ်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဥ်ကိုတွေ့ရှိခဲ့တဲ့ ခရီးသွားအမျိုးသားတစ်ဦးကအခုလိုပြောပြပါတယ်။
“ကျနော်တို့ကိုတော့ဘာမှမပြောဘူး၊ လွတ်ခဲ့တာ၊ လူငယ် ၆ ယောက် အတိုတစ်လက်ပါတယ်၊ ကျန်တဲ့လူတွေကဓားတွေနဲ့ ကိုယ်တွေကလူနာတင်မို့လွတ်ပေးလိုက်တယ်။ အရင်တစ်ခါကတော့အဲ့လိုမျိုးဖြစ်ဖူးသေးတယ်”လို့ပြောပါတယ်။
အဲ့ဒီလက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်ခြောက်ဦးဟာ အဲ့ဒီလမ်းမကိုဖြတ်သန်းလာတဲ့ ကားနဲ့ဆိုင်ကယ်အားလုံးကိုရပ်ခိုင်းပြီး ဓားပြတိုက်ခဲ့တာဖြစ်ပြီး ကား ၁၀ စီးခန့်ဓားပြတိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အထိုင်ဂိတ်တွေလည်းရှိသလို ကချင်လွတ်လပ်ရေး တပ်မတော် KIA ဂိတ်တွေလည်းအထိုင်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီလမ်းမကြီးကိုအမြဲအသုံးပြုနေတဲ့ ခရီးသွားအမျိုးသားတစ်ဦးက“ကိုယ်တွေတော့တစ်ခါမှမကြုံဖူးဘူး။ လမ်းကတော်တော်ကောင်းတော့ မန္တလေးကလာတဲ့ကားတွေလည်းအဲ့ဒီလမ်းကို သုံးကြတယ်။ မန္တလေးပြည်ထောင်စုလမ်းနဲ့ လီဒိုလမ်းမဆုံတဲ့နေရာ ဒေသအခေါ် ၁၂ မိုင်ဂိတ်မှာက စစ်တပ်ဦးဆောင်ပြီး ရဲ၊ လဝက စတဲ့သူတွေထိုင်တဲ့ဂိတ်ကြီးရှိတယ်။ လဝါရွာမရောက်ခင်စစ်တပ်တစ်ခုလည်းရှိတယ်။ KIA ကတော့ တစ်ခါတစ်လေ လမ်းပေါ်ထွက်စစ်ဆေးတာတွေရှိတတ်တယ်”လို့ အဲ့ဒီလမ်းပိုင်းအခြေနေကိုရှင်းပြပါတယ်။
တစ်ဖက်မှာ ဒီဖြစ်စဥ်ကိုကျူးလွန်ခဲ့တဲ့လူငယ် ၆ ဦးကို ဖားကန့်မြို့နယ်၊ ဒွန်းဘုန်းခကျေးရွာအထိုင်စစ်ကောင်ဂိတ်က ဖမ်းဆီးလိုက်ကြောင်းသတင်းတွေထွက်နေပေမဲ့ KNG က အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း အဆိုပါ လီဒိုလမ်းကြီးပေါ်က လဝါးကျေးရွာတစ်ဝှိုက်မှာဘဲ ခရီးသွားတွေဓားပြတိုက်ခံခဲ့ရ သေးပြီး အခုလိုဖြစ်စဥ်မျိုးမကြာခဏဖြစ်လေ့ရှိတယ်လို့သိရပါတယ်။
ဖားကန့်ဒေသဟာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းသိုက် တည်ရာမြို့လို့လူအများကသိကြတဲ့အပြင် နိုင်ငံတစ်ဝှမ်းကလူငယ်၊ လူကြီး ကျားမ မရွေး ရွှေ့ပြောင်းလာပြီးအလုပ်လုပ်ကိုင်ကြရာနေရာလည်းဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တွေရဲ့တိုက်ပွဲတွေနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄ မတ် ကစတင်တဲ့ KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ အမြစ်ပြတ်စစ်ဆင်ရေးနောက်ပိုင်း ဖားကန့်မြို့ရဲ့နေရာဒေသအများစုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
By – အမိုး