သတင်း

ငလျင်‌ဘေးသင့်ခဲ့တဲ့ ပြည်သူ‌တွေကို ကချင်ပြည်နယ်က လူမူကူညီရေးအဖွဲ့များက ကူညီရေးမှာပါဝင်သွားကြမယ်လို့ဆို

စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် ငွေကြေးနဲ့ပစ္စည်းအင်အားဖြစ်စေ၊ လူအင်အားဖြစ်စေ တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီသွားဖို့ ပြင်ဆင်နေတယ်လို့ အကူညီပေးရေးဆောင်ရွက်‌ နေသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းနဲ့မန္တလေးတိုင်းက လူနေအိမ်အဆောက်အဦးတွေအပါ စစ်ကိုင်းတံတားနဲ့ သမိုင်းဝင်အဆောက်အဦးတွေပြိုကျပျက်ဆီးခဲ့ရသလို သေဆုံးမှုလူဦးရေက ၁၆၀၀ ကျော်အထိရှိလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပါအဝင် ပူတာအို၊ဖားကန့်နဲ့တစ်ခြားသောမြို့တွေမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းများ ငလျင်ဘေးကို အတတ်နိုင်ဆုံးပါဝင်သွားကြဖို့ရှိတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။

ငလျင်ဘေးဒဏ်မခံစားခဲ့ရတဲ့ မြစ်ကြီးနား ပူတာအိုအပါအဝင် တစ်ခြားသောပါဝင်ချင်သူအလှူရှင်တွေရဲ့အကူညီတွေနဲ့ အတတ်နိုင်ဆုံးပါဝင်သွားမှာဖြစ်ကြောင်း ဒီအခြေနေနဲ့အတူ ကချင်ပြည်နယ်တစ်ဝှမ်းကလူထုကလည်းတစ်သားတည်းခံစားရသလို တတ်နိုင်တဲ့ဘက်ကကူညီသွားမယ်လို့ အကူညီပေးရေးဆောင်ရွက်နေသူ ကိုဆမ်လွန်ရမ်ဆိုင်းကပြောပါတယ်။

ကျနော်တို့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုပေါ့နော်ပြည်တွင်းမှာ ငလျင်ဘေးဒုက္ခမရောက်တဲ့နေရာကနေ အခုလက်ရှိ ဘေးဒုက္ခရောက်နေတဲ့လူတွေ ခံစားနေရာတာတွေမြင်ရတာစိတ်မကောင်းဘူး။ ကျနော်တို့တစ်သားတည်းရှိတယ်ဆိုတာကို ပေါ့နော်၊ ကျနော်တို့မှာရှိတဲ့အရာလေးစုပြီးတော့မှ အတူတူတတ်နိုင်သလောက်ပါဝင်မယ်။ ဒီအရေးဟာလည်း ကျနော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရေးဖြစ်သလို အောက်ပိုင်းမှာအဓိကဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့လည်းတန်းတူ ခံစားနေရ တယ်။ ကျနော်တို့ရဲ့သွေးချင်းညီကိုတွေ ကျနော်တို့တွေတာဝန်ကြေအောင်လုပ်ရမယ်။ တတ်နိုင်သလောက်ကူညီဖို့ ပြင်ဆင်နေ ပါတယ်လို့ပြောပါတယ်။

တစ်ဖက်မှာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားအဖွဲ့ကလည်း လူကိုယ်တိုင် ငလျင်ဒဏ်နောက်ဆက်တွဲ ကူညီထောက်ပံ့ရေးတွေမှာကူညီသွားမယ်လို့သိရပြီး လက်ရှိအခြေနေအထိတော့ လူဦးရေ ၃၀ လောက်အကူညီပေးရေးနဲ့ ထောက်ပံ့ရေးတွေမှာ သွားရောက်ကူညီဖို့ ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ မန္တလေး နဲ့ စစ်ကိုင်းမှာဆိုရင် ပြိုကျတဲ့အဆောက်အဦးတွေကိုဖယ်ထုတ်ပြီး ကယ်ဆယ်ရေးလုပ်ဖို့အတွက် လိုအပ်တဲ့စက်ယန္တရားတစ်ချို့လည်းဝယ်လို့မရတော့တဲ့ အခြေနေနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။

ငလျင်ဒဏ်လွတ်ကင်းခဲ့တဲ့ မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်က လူမှုကူညီရေးအဖွဲ့ MT 25 Caring Team အနေနဲ့ လည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်နေတဲ့နေရာတွေကို အင်တိုက်အားတိုက်ပါဝင်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

အခုကချင်ဒေသမှာတော့ ငလျင်ဒဏ်နဲ့လွှတ်ကင်းခဲ့တယ်ဗျာ။ စစ်ကိုင်း၊မန္တလေးနဲ့ရန်ကုန်ဖြစ်ခဲ့တော့ ကျနော်တို့စိတ် မကောင်းဘူး။ ကျနော်တို့ကထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသေးတော့ဝမ်းနည်းတယ်။ ပြောမယ်ဆိုဖြစ်နေတာ ၂ ရက်ရှိပြီ ကျနော်တို့ကနောက်ကျနေတယ်။ ကျနော်တို့လည်းကျနော်တို့ကိုးကွယ်တဲ့ဘာသာတရားအနေနဲ့ရော လူသားချင်း စာနာတဲ့အနေနဲ့ရော အကုန်စုပေါင်းပြီးတော့ ဒီနှစ်ရက် သုံးရက်တော့အလှူငွေတွေစုဆောင်းအုံးမယ်။လို့ MT 25 Caring Team က တာဝန်ရှိသူတစ်ယောက်က အကူညီပေးရေးအစီအစဥ်ကိုရှင်းပြပါတယ်။

ရာစုနှစ်တစ်ခုကျော်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူ ၁၆၀၀ ကျော် ရှိလာပြီဖြစ်ပြီး အဲ့ဒီထဲမှာအသေအပျောက်အများဆုံးက မန္တလေးတိုင်းကဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးတို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ မြေငလျင်ပြင်းအားဟာ ၇ ဒဿမ ၇ ခန့်ရှိတယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ USGS ထုတ်ပြန်ထားပြီး သေဆုံးမှုကမြန်မာပြည်တစ်ဝှမ်းမှာ ၁သောင်းကနေ ၁ သိန်းကြား လူဦးရေရှိနိုင်တယ်လို့ အဲ့ဒီအဖွဲ့က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်ဆီးခဲ့ရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button