သတင်း

ငလျင်ဘေးသင့် ပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်လို့ KIO ပြော

မြန်မာပြည်အလယ်ပိုင်းဒေသ ငလျင်ဒဏ်တဲ့ပြည်သူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့  တတ်နိုင်တဲ့လမ်းကြောင်းကနေ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ KIO ပြောဆိုလိုက်ပါတယ်။

အင်အားကြီး မြေငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့၊ရွာများပျက်စီးသွားတဲ့အပြင် ပြည်သူလူထုများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ ငလျင်ဒဏ်ကြုံတွေ့ရလို့ ပြည်သူလူထုတွေ များစွာအသက်ဆုံးရှုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။ ဒီလိုဆုံးရှုံးမှုအပေါ်  KIO အနေနဲ့ ပြည်သူလူထုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ ဒါကြောင့်လည်း တတ်နိုင်တဲ့လမ်းကြောင်းကနေ ပံ့ပိုးကူညီသွားဖို့ ဖြစ်တယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြတဲ့သဘောပါလို့ပြောပါတယ်။

KIO အစိုးရအနေနဲ့  ဘယ်လိုလမ်းကြောင်းကနေ ပံ့ပိုးကူညီသွားဖို့ အသေးစိတ်မသိရသေးပေမယ့် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်ဖို့ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြေငလျင်ဒဏ်ကြုံတွေ့နေရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အချိန် KIO အနေနဲ့ အကူအညီပေးဖို့ ခက်အခဲရှိနေတဲ့အပေါ်မှာလည်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

အခု မြေငလျင်ဖြစ်သွားတဲ့ နေရာတွေက မြန်မာနိုင်ငံရဲ့ မြို့ဗဟိုကျတဲ့ နေရာတွေဖြစ်တဲ့အတွက် သွားဖို့လာဖို့ လမ်းကြောင်းအခက်အခဲတွေရှိပါတယ်။ တိုက်ပွဲအခက်အခဲတွေရှိတယ်။ ဒါကြောင့် လက်ရှိအချိန် သွားရောက်ကူညီဖို့က ခက်ခဲပါတယ်လို့ပြောပါတယ်။

ငလျင်ဘေးကြုံတွေ့ရတဲ့ ပြည်သူလူထုတွေဆီကို ပံ့ပိုးကူညီသွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်သွားမယ့် KIO ဗဟိုကော်မတီကနေ ဆက်လက်ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဆက်သိရပါတယ်။

မတ်လ ၃၀ ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်ကြောင့် ခံစားနေရတဲ့ ပြည်သူလူထုတွေအတွက် မြို့၊ ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ KIO အစိုးရနဲ့ ကချင်လူထုတစ်ရပ်လုံးက ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

တစ်ဖက်မှာ ငလျင်ဘေးကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေအတွက် ကချင်ပြည်နယ်က လူမှုကူညီအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးသွားရောက် ကူညီဆောင်ရွက်နေကြပြီဖြစ်သလို လက်ရှိမှာ သွားရောက်ကူညီဖို့ လှုပ်ရှားမှုတွေလည်း ရှိနေတာကို မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အင်အားကြီး မြေငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ သေဆုံးသူ ၁၇၀၀ အထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ထောင်ကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ကြေညာထားပါတယ်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ မြန်မာနိုင်ငံမှာ ဗဟိုပြုပြီး ၇ဒသမ ၇ အထိ ပြင်းထန်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ၆ ဒသမ ကျော်အထိ လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

ကြီးမားတဲ့ မြေငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရတာကြောင့် မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီတွေမှာ သမိုင်းဝင် ရှေ့ဟောင်းမွေအနှစ် အဆောက်အဦးကြီးတွေ အများဆုံးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button